Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Friday, September 28, 2012

အလွဲဒိုင်ယာရီ

အလွဲ (၃)

ချင်းမိုင်ရောက်ရောက်ချင်း ရုံးတစ်ရုံးမှာပေါ့ဗျာ။ ရုံးနေ့တစ်နေ့မှာပေါ့ ကျနော့်ပညာရေးနဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းတွေ Scan လုပ်စရာ ရှိလာတယ်။ Scanner က ကျနော့်ဆရာရဲ့ စက်တစ်လုံးနဲ့ပဲ ချိတ်ထားတယ်။ ဆိုတော့ သူက အလုပ် လုပ်လက်စကို ခဏသိမ်းပေးပြီး ဖယ်ပေးတယ်။ ကျနော်လည်း သူ့စက်မှာ စာရွက်စာတမ်းတွေ Scan လုပ်တယ်။ ပြီးတော့ ကိုယ့်အီးမေးလ် ကိုယ်ပြန်ပို့တယ်။ (Memory Stick) မရှိသေးဘူး အဲဒီတုန်းက။ ပြီးတော့ အားလုံးကို အမှိုက်ပုံးထဲ တစ်ခုဆီထည့် အားလုံးပြီးတော့ သူ့စက်က အမှိုက်ပုံးကို ရှင်းပစ်ခဲ့တယ်။ (အဲဒီတုန်းက IT Security က မတောက်တခေါက်လေး နားလည်နေပြီ။) ပြီးတော့ ကျနော် အပြင်ထွက်သွားတယ်။ ပြန်ဝင်လာတာနဲ့ ကျနော့်ကို တန်းမေးတော့တာပဲ "မင်း အမှိုက်ပုံးကို ရှင်းသွားသေးလားတဲ့"။ ကျနော်လည်း ဟုတ်တယ်ဆိုတော့ ပွဲက စရော။ သေပြီ၊ သေပြီဆို ရယ်ကြတာပါ။

အဖြစ်က ဒီလို ကျနော့်ဆရာက သူ့အလုပ်ဖိုင်တွေကို ခဏ အမှိုက်ပုံးထဲ ထည့်ထားပြီး ကျနော့်ကို ဖယ်ပေးတာ။ ကျနော့်က အားလုံးရှင်းထုတ်လိုက်တော့ သူ့ဖိုင်တွေပါ ပါသွားရော။ နောက်ဆုံးတော့ သူလည်း တစ်ခုပဲ ပြောနိုင်တော့တယ်။ မင်းလည်း မင်းအကျင့်ပြင် (သူများစက်ကို ကိုင်ရင်မလိုအပ်တာတွေ မဖျက်မိစေနဲ့။ ကိုယ့်ဖိုင်ကို ကိုယ် ရွေးပြီး ဖျက်လို့ရတယ်။) ငါလည်း ငါ့အကျင့် ပြင်ပါ့မယ်ကွာ၊ နောက်ဆို အမှိုက်ပုံးထဲဘယ်တော့မှ ထည့်မသိမ်းတော့ဘူးတဲ့။

အဲဒီလိုပါပဲ ကျနော့်မှာ လွဲခဲ့တာတွေ အများကြီး ရှိပါသေးတယ်။ သတိရရင် ဆက်ရေးပါဦးမယ်။

Sunday, July 8, 2012

အလွဲ ဒိုင်ယာရီ

အလွဲ (၂)

ကျနော် ချင်းမိုင်က အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်တုန်းကပါ။ ရုံးက ကျနော့် ဆရာရယ်၊ နောက်
အဲဒီအချိန်က ကျနော်တို့ရုံးမှာ Academic Coordinator တာဝန်ယူထားတဲ့ ကိုသိန်းနိုင် (မောက္ခ) ရယ်၊
နောက် KNU က အန်ကယ်တစ်ယောက်ရယ်၊ မဲဟောင်ဆောင်က KNPP ရုံးကို သွားကြတယ်။
ကျနော် ပါတယ်ဆိုပေမယ့် ကျနော်က ဓါတ်ပုံရိုက်၊ နောက် ကျနော့်ဆရာ က ကျနော့်ကို တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပတ်သတ်ပြီး ဗဟုသုတ ရအောင်ခေါ်ခဲ့တာပါ။ လူကြီးတွေကတော့ လုပ်ငန်းအကြောင်း၊ နိုင်ငံရေးအကြောင်း ဆွေးနွေးကြပါတယ်။
ကျနော်ကတော့ ဓါတ်ပုံရိုက်၊ နောက် KNPP က ရဲဘော်တချို့က လိုက်ပို့လို့ ပဒေါင်စခန်း ကိုသွားလည်တယ်။ နောက် သူတို့ ညစာကျွေးတော့ ကျနော် ကရင်နီခေါင်ရည်ကို ပထမဦးဆုံး သောက်ဖူးတယ်။ ညနေဘက်လည်း ဈေးဆိုင်လေးတွေ လိုက်ကြည့်တယ်။ မနက်ဆို မဲဟောင်ဆောင်ဈေး ထဲက သျှမ်း တို့ဟူးနွေး သွားစားကြတယ်။ နောက် လက်ဖက်ရည်သောက်တယ်။ တိုးတိုးတိတ်တိတ် သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ မြို့လေးပါ။
ကျနော် တစ်သက်မေ့မှာ မဟုတ်တော့ပါဘူး။ ကျနော်ကို အဲဒီခရီးကို ခေါ်ခဲ့တဲ့ ကျနော့်ဆရာကိုလည်း ကျေးဇူးတင်မိတယ်။

ကျနော်တို့အားလုံး မဲဟောင်ဆောင်မြို့လယ်က ရေကန်ဘေးက တည်းခိုခန်းမှာ တည်းကြတာပါ။
ပြန်မယ့်နေမှာ ကျနော်က ကျနော်တို့လေးယောက်လုံး တည်းခိုးခန်းရှေ့မှာ အမှတ်တရ ဓါတ်ပုံရိုက်ဖို့ စီစဉ်ပါတယ်။ ပစ္စည်းတွေ၊ အိတ်တွေ အားလုံး ကားပေါ် တင်လိုက်ပြီး ဓါတ်ပုံရိုက်ဖို့ ပြင်ဆင်ပါတယ်။

အဲဒီမှာ ကျနော်လွဲဖို့ စပါတော့တယ်...

အားလုံးထဲမှာ ကျနော့်ထိုင်းစကားက အကောင်းဆုံးလို့ ထင်ပြီး Recception က ထိုင်းအမျိုးသမီးကို ကျနော်က ကျနော်တို့ ကို ဓါတ်ပုံရိုက်ပေးဖို့ သွားပြောတာပါ။ ဒါပေမယ့် ပြောတာမမှန်တော့ ကျနော်တို့ကို ဓါတ်ပုံရိုက်ပေးလို့ ရမလားမေးတာ၊ ကျနော်တို့နဲ့ ဓါတ်ပုံ ရိုက်မလားဆိုပြီး ဖြစ်သွားတယ်။ ကျနော်လည်း ပြောပြီးပြီးခြင်းင်းမှာ မှားသွားပီဆိုတာ သိတယ်။ ဒါပေမယ့် အချိန်မမှီတော့ဘူး ထိုင်းအမျိုးသမီးက ရှက်ပြုံး ပြုံးနေပြီ။ အဲဒါနဲ့ ကျနော့် ဆရာက အခြေအနေကို သိတော့ မထူးတော့ဘူးတဲ့။ သူနဲ့ အရင် တစ်ပုံတောင်းရိုက်လိုက်တဲ့ ပြီးမှ ကျနော်တို့ ကို ပြန်ရိုက်ခိုင်း ဆိုပြီး ပြောလို့ ကျနော်လည်း အဲဒီအတိုင်း လုပ်လိုက်ရတယ်။

သူနဲ့ ကျန်သုံးယောက်ကို တစ်ပုံရိုက်ပေးပြီးမှ ကျနော်တို့ လေးယောက်ကို တစ်ပုံကို ပြန်ရိုက်ခိုင်းရတယ်။ ဒါပေမယ့် ပြန်ခါနီးမှာ အမှတ်တရ ရယ်စရာ ဖြစ်ခဲ့ပါတယ်။ ကျနော်လွဲလိုက်ရင်တော့ အကြီးကြီးပါပဲ။ :D

အလွဲ ဒိုင်ယာရီ

အလွဲ (၁)

ကျနော့်ဘ၀မှာ လွဲခဲ့တဲ့ အလွဲပေါင်းက မရေမတွက်နိုင်တော့ဘူး။ အဲဒီအလွဲလေးတွေကို ပြန်တွေးမိရင် ရယ်စရာလည်းကောင်းတယ်။ စိတ်ပျက်စရာလည်း ကောင်းခဲ့တာတွေ ရှိတယ်။

နယ်မှာ နေတုန်းက ကျနော့်တို့ခြံမှာ အုန်းပင်တွေ ရှိပါတယ်။ အုန်းပင်ရှိတော့ အုန်းတက်သမားက အမြဲတမ်းခေါ်ရတယ်။ တစ်ခါလာတဲ့ အုန်းတက်သမားကြီးကတော့ မြန်မာ့လက်ဝှေ့သမားဟောင်းကြီး၊ ကတုံးနဲ့။ နောက်ပြီး သွားတွေလည်း မရှိတော့ဘူး။

သူ ကျနော်တို့ခြံက အုန်းပင်တွေကို တက်ပေးတယ်။ နောက်ပြီး အုန်းပင်တွေကို ပြင်တာ ဘာညာ လိုအပ်တာ လုပ်ပေးမယ်။ အုန်းပင်တွေကို ဆားထည့်တာ၊ ဓါတ်ခဲ အဟောင်းတွေကို ထည့်တာတွေ လုပ်တယ်။

တစ်ရက်တော့ အဲဒီ အုန်းပင်တက်တဲ့ ဘကြီး ကျနော့်ဆီ ပေါက်ချလာတယ်။ သူ့ဘေးမှာ လူတစ်ယောက်လဲ ပါလာတယ်။ ကျနော်ကို တွေ့တော့ အုန်းပင်တက်တဲ့ ဘကြီးက "သား အဘ၊ အုန်းပင် တက်ရင် ဆေးလိပ် သောက်လား" တဲ့။ ကျနော်လည်း သူဆေးလိပ်သောက်တာ မြင်ဖူးတယ်၊ နောက်ဘာအဓိပ္ပါယ်နဲ့
ခေါက်ကာငင်ကာ လာမေးသလဲ မသိဘူးဆိုပြီး အလွယ်ပဲ ဖြေလိုက်တယ်။ နှစ်လုံးပဲ "ဟုတ်ကဲ့၊ သောက်တယ်" လို့။

အဲဒါနဲ့ အဲဒီဘကြီးနဲ့ သူ့ဘေးကလူ ပြန်ထွက်သွားကြတယ်။ `နောက် သီတင်းတစ်ပတ်လောက်နေတော့ အဲဒီ ဘကြီး ပြန်ရောက်လာတယ်။ မျက်နှာလည်း မသာမယာနဲ့။
"သားရာ မင်းအဖြေကြောင့် အဘ အချုပ်ထဲမှာ တစ်ပတ်အိပ်ခဲ့ရတယ်" တဲ့။

အဲဒါနဲ့ ဖြစ်ကြောင်း ကုန်စင်မေးကြည့်တော့၊ သူနဲ့ ပါလာတဲ့လူက ရဲ။

ဖြစ်ပုံက ဒီလို၊ အဲဒီအဘကြီးက အုန်းပင်တက်နေကျ ခြံတစ်ခြံမှာ အုန်းပင် သွားတက်တယ်။ သူတက်ပြီး ညနေပိုင်းကျတော့ အဲဒီ အုန်းပင်က မီးလောင်တယ်၊ အဲဒီအိမ်က အဝေးပြေးလမ်းမမှာရှိပြီး ကားဂိတ်နဲ့ နီးတော့ မီးသတ်ကားတွေလာ၊ ရဲတွေလာနဲ့။ တရားခံ ရှာတော့ သူ့ဆီ ပြန်ရောက်လာတယ်။

အဲဒီအဘကြီးက သူ သွားတွေမရှိတော့လို့ အုန်းပင်တက်နေရင်း ဆေးလိပ်မသောက်ပါဘူး၊ ငြင်းတယ်။ ရာသီဥတုပူလို့ အုန်းပင် မီးလောင်တာပါဆိုပြီး အကြောင်းပြတယ်။ နောက် မယုံရင် သူအုန်းပင်တက်နေကျ အိမ်ကို လိုက်မေးပေးမယ် ဆိုပြီး ကျနော့်ဆီခေါ်လာတာ။ ကျနော်က သူ ဆေးလိပ် သောက်ပါတယ် ဖြေလိုက်တော့။ သူ ငြင်းလို့ မရတော့ပဲ အချုပ်တစ်ပတ်ကျသွားတယ်။

ကျနော်လည်း ပြန်သိတော့ စိတ်တော့ မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်ခဲ့ဘူး။ ကျနော်မှတ်မိသလောက်တော့ အဲဒီဘကြီးလည်း ကျနော်တို့ခြံမှာ အုန်းပင်လာမတက်တော့ဘူး။

Thursday, June 21, 2012

အဘလည်း ကျနော့်လို ကောင်ပါပဲ

(ကျနော့် သူငယ်ချင်းတစ်ယောက်ရဲ့ အလုပ်ထဲက တကယ့်အဖြစ်အပျက်လေးပါ။ သတိရတုန်း ဟာသအဖြစ် ပြန်ရေးထားတာပါ။ ဖတ်တဲ့သူတွေအတွက် ရိုင်းတယ်ဆိုရင်တော့ ကြိုတင်ပြီး တောင်းပန်အပ်ပါတယ်။)

ကံချွန်ဆိုတဲ့ လူငယ်လေးတစ်ယောက်က စက်ရုံတစ်ခုမှာ အလုပ် လုပ်တယ်။ အဲဒီအလုပ်ရုံမှာ ဦးနေ၀င်း လက်ထက်က အလုပ်သမား ထူးချွန်ဆုရ အသက်ကြီးကြီး ပင်စင်စားကြီးတစ်ယောက်က လုံခြုံရေး တာဝန်ယူရသည်။

ဒါပေမယ့် အဲဒီလူကြီးက မလိုအပ်ပဲ တွေ့တဲ့ လူတွေကို စည်းကမ်းတွေပေးတတ်သည်။ စက်ရုံမှာ နေတဲ့ လူငယ်လေး ကံချွန်ကတော့ သူ့ဒဏ်ကို အခံရဆုံးပဲ။ အဘိုးကြီး တစ်ရက် တစ်ရက် တဗျစ်တောက်တောက် လုပ်တော့ ကံချွန်လည်း အရမ်းစိတ်ညစ် လာတယ်။

တစ်ရက် ကျတော့ ကံချွန်က သူ့ကို လာဆူတဲ့ အဘိုးကြီးကို စေ့စေ့ကြည့်ပြီး

“အဘ လည်း ကျနော့်လို ကောင်ပါပဲဗျာ”

လို့ ပြောပြီးအပြင်ထွက် သွားလိုက်တယ်။ အဘိုးကြီးလည်း ကံချွန် ဘာကိုဆိုလိုမှန်း မသိပေမယ့် ကံချွန်ကိုလည်း မမေးပဲ ဒီလိုပဲ ငူငူကြီး ကျန်ခဲ့တယ်။ နောက်ထပ် အဘိုးကြီး ထပ်ဆူတိုင်းလည်း ကံချွန်က အဲဒီလိုပဲ ပြောတာ လေး၊ ငါးကြိမ်းလောက် ရှိတော့ အဘိုးကြီးက ကံချွန်ကို မသင်္ကာတော့ဘူး။ ဒါနဲ့ တစ်ရက်တော့ မအောင့်နိုင်တော့ပဲ ဖွင့်မေးလိုက်တယ်။

“ကံချွန်၊ မင်းငါ့ကို အဘလည်း ကျနော့်လို ကောင်ပဲ၊ အဘလည်း ကျနော့်လို ကောင်ပဲနဲ့ ခဏခဏ ပြောနေတာ ကြာပီ၊ ဒါနဲ့ နေပါဦးကွ မင်းက ဘာကောင်တုန်း၊ ငါ့ကို လင်းစမ်းပါဦး။”

အဲဒီလို ပြောလိုက်တော့ စက်ရုံထဲ ၀င်ခါနီး ကံချွန်က တစ်ချက် လှည့်ကြည့်လိုက်ပြီး

“အဘကလည်း မသိဘူးလား၊ ကျနော်က -ီးကောင်ဗျ။”

ဟု ပြောရင်း စက်ရုံထဲ ၀င်သွားလိုက်တော့သည်။

Sunday, November 20, 2011

ခြေလှမ်းကျဲကြီးတွေ

တခါတုန်းက ချစ်သူနှစ်ဦး မြို့လည်ခေါင် ဘူတာနားတွင် လမ်းလျှောက်လာကြသည်။ ပရဟိတစိတ်များပြီး ကြီးပွားချမ်းသာဖို့ သိပ်မတွေးသူ ကောင်လေးကို သူ့ချစ်သူ ကောင်မလေးက အရမ်းကြီးပွားစေချင်သည်။ အရမ်းလဲ ကြိုးစားစေချင်သည်။ ဒါကြောင့် အခါအခွင့်သင့်တိုင်း အောင်မြင်တဲ့ ယောကျာ်းတွေအကြောင်း သူ့ချစ်သူကို ပြောပြော ပြသည်။

အခုလည်း အလွန်သေသေသပ်သပ်နှင့် အနောက်တိုင်းဝတ်စုံကို ၀တ်၊ လက်ထဲတွင် Laptop အိတ်ကို ကိုင်ထားပြီး အလွန်ကျဲသော ခြေလှမ်းကြီးများနှင့် ဘူတာရုံမှ ထွက်လာကာ လမ်းတစ်ခုထဲသို့ တစိုက်စိုက်မတ်မတ် လျှောက်သွားနေသော အရပ်မြင့်မြင့် ယောက်ျားတစ်ယောက်ကို တွေ့လိုက်လေသည်။ ဒါကြောင့် ကောင်မလေးက သူ့ချစ်သူ ကောင်လေး အားကျပါစေ ဆိုပြီး လှမ်းပြရင်း အခုလို ပြောလိုက်တယ်…

“မောင်..ဟိုမှာ ကြည့်လိုက်ဦး.. ဟိုလူ့ ခြေလှမ်းကြီးတွေက တကယ်အောင်မြင်မဲ့ စီးပွားရေးသမားတစ်ယောက်ရဲ့ ခြေလှမ်းကြီးတွေနော်။ မောင်.. အဲလို မထင်ဘူးလား။”

ထိုအခါ ကောင်လေးက အခုလို ဖြေလိုက်ပါတယ်။

“မထင်ပါဘူးကွာ။ သူ့ဘာသာ သေးပေါက်ချင်တာကို အောင့်ပြီး အိမ်ကို အမြန် လျှောက်နေတာနဲ့ပဲ တူပါတယ်။”

 
Free Website templateswww.seodesign.usFree Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Wordpress Themeswww.freethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree CSS Templates Dreamweaver