Showing posts with label သူငယ်ချင်း. Show all posts
Showing posts with label သူငယ်ချင်း. Show all posts

Thursday, September 27, 2012

ငှက်ကြီး

Big Bird

Monday, August 20, 2012

ငှက်ကြီး

ငှက်ကြီးနဲ့ နှုတ်ဆက်ခြင်း၊ အပိုင်း (၅)

ကျနော်ထိုင်းကို ထွက်ဖို့ဖြစ်လာတော့ ကျနော့်အလုပ်တွေက တန်းလန်း၊ အကုန်လုံး ငှက်ကြီးကို အပ်ခဲ့ရတယ်။ ကျန်သမျှကိုလည်း သူတာဝန်ယူပေးပါတယ်။ အားလုံးပြီးတဲ့ အထိ။

ကျနော့်အလုပ်တွေ အားလုံးသိမ်းပြီးတော့ ကျနော့်အိမ်မှာ သူအပ်ပေးတယ်။ နောက်တစ်လလောက်နေတော့ သူ့ဆီက စာတစ်စောင် ရတယ်။ အလုပ်ကိစ္စဆန်ဆန် ရေးထားတဲ့စာ။ လက်ရေးက ထုံးစံအတိုင်း မလှမပနဲ့။

အဲဒါတွေ နောက်ပိုင်း ကျနော်လည်း ထိုင်းမှာ ကိုယ့်ဘာသာ အဆင်မပြေနေတဲ့ ကာလ သူ့ဆီ မဆက်သွယ်ဖြစ်တော့ဘူး။ နောက်ဆုံး သတင်းရတာတော့ သူလည်း သူ့အလုပ်တွေကို သူ့ညီ ၀မ်းကွဲတစ်ယောက်ဆီ လွှဲပေးပြီး မိဘတွေနဲ့ ပြန်နေတယ် ကြားတယ်။

ငှက်ကြီး

ငှက်ကြီး မိန်းမပိုးခြင်း၊ အပိုင်း (၄)

ကျနော်သိသလောက် ငှက်ကြီးမှာ ရည်းစားမရှိခဲ့ဖူး။ ထားလည်း မထားခဲ့ဖူးတဲ့ ပုံပါ။ တစ်ခါမှ အဲဒီကိစ္စတွေ စကားမဟ တတ်ဖူး။ ဒီလိုနဲ့ နေရင်း ငှက်ကြီး ဈေးသည်ကောင်မလေး တစ်ယောက်ကို တွေ့လာတယ်။ သူ့အဖွဲ့တွေနဲ့ သူသွားရင်း တွေ့လာခဲ့တာပါ။

နောက်တော့ ကျနော့်ကို ပြမယ်ဆိုပြီး ဈေးထဲသွားရင်း ပြတယ်။ ကျနော့်ကတော့ မြို့ခံလူဆိုတော့ သူပြတဲ့ ကောင်မလေးကို သိပြီးသား။ ဒါနဲ့ အားပေး အားမြှောက်လုပ်ရတော့တယ်။ မဆိုးဘူး "လိုက်ပေါ့"။

အဲဒါနဲ့ သူ အဲဒီကောင်မလေးဆီမှာ ဈေးဝယ်တဲ့ လုပ်ငန်းစဉ်က စပါတော့တယ်။ နေ့တိုင်းနီးပါး ၀ယ်တော့တယ်။ ကောင်မလေးက ငယ်ဦးမယ်။ အသက်က ၂၀ သာသာ။ အဝေးသင် တက်နေတယ်။ ပုံစံက
အဆိုတော် စိုးစန္ဒာထွန်းကို ၁၀၀ % ကနေ ၈၀% လောက် ချုံ့ထားတဲ့ပုံစံ။ အသားညိုပြီး ဆံပင်က ရှည်တယ်။ သန့်သန့်ရှင်းရှင်း နေတတ်တယ်။ ယဉ်ကျေးတယ်။ ဒီတော့ ကိုယ့်ဘော်ဒါကြီး စွံချင်လည်း စွံသွားပါစေတော့ဆိုပြီး ၀ိုင်းပြီး တတ်နိုင်သလောက် ပါရမီဖြည့်ရတယ်။

ဒါနဲ့ ငှက်ကြီးကို နည်းလမ်းတွေ ၀ိုင်းစဉ်းစားပေးရတော့တယ်။ ဒါပေမယ့် တစ်ခုမှ အလုပ်မဖြစ်။ အဲဒီကောင်မလေးဆီမှာ ပုံမှန် ဈေးဝယ်တာကလွဲလို့ ဘာမှ မထူးခြားလာ။ ကောင်မလေးက ရိပ်မိနေပြီ၊ ငှက်ကြီး သူ့ကို လာလာပိုးနေတာ။ ဒါပေမယ့် ကိုယ့်ဆရာက မျက်နှာတည်ကြီးနဲ့ ဈေးဝယ် ပြီးရင် ပြန်ထွက်လာ၊ ဒါပဲ။

ဒီထက် မပိုလာတော့ ငှက်ကြီးကို ကောင်မလေး အဝေးသင် အနီးကပ်တက်တဲ့ ကားနဲ့ ကျောင်းထဲ လိုက်သွားဖို့ အကြံပေးရတယ်။ ဒါနဲ့ ငှက်ကြီး ၀ီရိကောင်းကောင်းနဲ့ တစ်ပတ်လောက် ကျောင်းကို လိုက်သွားပုံ ရတယ်။ ဘာမှတော့ ထူးခြားတယ် မပြော။ ကျနော်လည်း ဆက်မမေးမိ။

နောက်တော့ ကျနော်တို့နှစ်ယောက်လုံး အလုပ်ကများ၊ သူလည်းမေ့မေ့ပျောက်ပျောက် ဖြစ်နေပုံရတော့ ကျနော်လည်း စပြီးမပြောဖြစ်တော့ဘဲ ငှက်ကြီး မိန်းမပိုးတဲ့ လုပ်ငန်းလည်း ပြီးဆုံးသွားတော့တယ်။

ငှက်ကြီး

ငှက်ကြီးရဲ့ ပေါင်းသင်းဆက်ဆံရေး၊ အပိုင်း (၃)

ကျနော်တို့ နှစ်ယောက်ကြားမှာ အမြဲတမ်းသုံးနေတဲ့ စကားတစ်ခု အမှတ်တရ ရှိခဲ့ကြတယ်။ "ချိန်ပေါ့ဗျာ"၊ ဒါက သူသုံးနေကြ စကား။ တစ်ခု ဆွေးနွေးလို့ သဘောမတူတဲ့ အချိန်မှာ နောက်ဆုံးနိဂုံးမှာ ငှက်ကြီးသုံးနေကြ စကား။

ဆိုလိုတာကတော့ ချင့်ချင်ချိန်ချိန် လုပ်ဖို့။ နောက်တော့ ကျနော်ပါ အဲဒီစကားကို လိုက်သုံးတယ်။ တစ်ခုခု သူ့ကို နားချလို့ မရရင် "ချိန်ပေါ့ဗျာ" လို့ဘဲ အဆုံးသတ်လိုက်ရတာတွေ ရှိတယ်။

ယေဘူယျအားဖြင့်တော့ ကျနော်တို့ နှစ်ယောက်လုံး အားနာတတ်ကြသူတွေပါ။ ကျနော့် ဒေါသက မျက်နှာသုန်မှုန်ပြီး အိမ်ပြန်ရုံလောက်နဲ့ ပြီးပေမယ့်၊ အခန့်မသင့်ရင် ငှက်ကြီးဒေါသက ကံမကောင်းတဲ့ တစ်ယောက်ယောက်ပေါ် ကျသွားတတ်တယ်။ တစ်ခါ အလိုက်မသိတဲ့ စစ်တပ်က အရာခံဗိုလ်တစ်ယောက်က သူ့ဆီ မီးစက်လာငှားတယ်။ အဲဒီအချိန်က သူရော ကျနော်ပါ အလုပ်အတွက် ခေါင်းစားနေတဲ့ အချိန်ပါ။ သူ့ဒေါသက အရာခံဗိုလ်အပေါ် ရောက်သွားတယ်။ ဟိုလူကလည်း လာတဲ့ ရည်ရွယ်ချက်ကိုပဲ ခေါင်းထဲ ထားတဲ့လူနဲ့ တူတယ်။ ငှက်ကြီး တရားဟောသမျှကို နားထောင်ပြီး နောက်ဆုံးတော့ မီးစက်ကို ဆိုက်ကားနဲ့ ရအောင် သယ်သွားတယ်။

နောက် သူ့မှာအားချက် တစ်ခုရှိတယ်။ အရမ်းညစ်လာရင် အရက်ဆိုင် ထိုင်တာ၊ Army Rum တစ်ပိုင်းနဲ့ သူ့ညစ်သမျှကို ဖြေတော့တာဘဲ။ သူအရက်ဆိုင် ထိုင်ရင်တော့ ကျနော်လိုက်မထိုင် ပေးဖြစ်ဖူး။ သူ့အလုပ်သမား တစ်ယောက်ကို ခေါ်သွားပြီး သောက်တတ်တယ်။

ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေးမှာတော့ နာမည်ရပါတယ်။ ကျွတ်ဆတ်ဆတ် နဲနဲ ဖြစ်ပေမယ့် သူ့ကို လူတိုင်းခင် ကြပါတယ်။

Tuesday, June 26, 2012

ငှက်ကြီး

ငှက်ကြီးနဲ့ တကယ်တန်း တွေ့ကြတော့၊ အပိုင်း (၂)
 
တကယ်တန်းဆုံဖြစ်တော့၊ ငှက်ကြီးက သူ့တပည့်တစ်သိုက်နှင့် ကျနော့်တို့ မျက်နှာချင်းဆိုင် ခြံထဲမှာ ၀ါးဘိုးဝါး (စားလုံးပေါင်းအမှန် မသိပါ။) လာဝယ်ကြသည်။ သူ့တပည့်တွေက ၀ါးခုတ်ကြမည်။ ၀ါးခုတ်လျှင် လဲကြတဲ့ ၀ါးတွေက ဒီဘက်ခြမ်းက ကျနော်တို့ ခြံစည်းရိုးလာထိ နိုင်သည်။ များများထိခိုက်ပါက ခြံစည်းရိုး ပျက်စီးနိုင်သည်။ ဒါကြောင့် ငှက်ကြီးက ကျနော်တို့ ခြံအပေါက်က ခေါင်းလောင်းကို နှိပ်သည်။ ကျနော်ထွက်သွားတွေ့တော့ ကျနော့်နာမည် မေးသည်။ ဒါ ကို----------- တို့ခြံလားတဲ့။ သူလည်း ကျနော့်လိုပဲ ကျနော့်နာမည်ကို ကြားဖူးထားသည်။ ဒီခြံက ကျနော့်တို့ ခြံမှန်းလည်း သူကြိုသိနေသည်။

အဲဒါနဲ့ ကျနော်က ကျနော်ပါပဲလို့ ပြောတော့ သူ့က သူ့နာမည် ပြောပြသည်။ ကျနော် ---- ပါတဲ့။ သူ့နာမည် စကြားလိုက်ရတော့ ကျနော် အံ့အားသင့်ပြီး ပြုံးမိသွားသည်။ ဘာဖြစ်လို့ဆဲ ဆိုတော့ ကျနော် စိတ်ကူးထားတဲ့ ငှက်ကြီးရဲ့ ပုံစံနဲ့ တခြားစီ ဖြစ်နေလို့ပါ။

သူလာပြောတာက သူတို့ ၀ါးခုတ်မည်၊ တကယ်လို့ ကျနော်တို့ ခြံထိခိုက်သွားပါက သူပြန်ပြင်ပေးပါ့မယ်လို့ ကြိုပြောထားတာပါ။ ကျနော့်လည်း ရပါတယ် လုပ်ပါလို့ ပြန်ဖြေခဲ့တယ်။ အဲဒီနေ့က အဲဒီလောက်ပဲ စကားပြောဖြစ်ပြီး စကားစ ပြတ်သွားသည်။

တကယ်တွေ့တဲ့ ငှက်ကြီးပုံစံက ကျနော့်စိတ်ကူးထဲကနှင့် တခြားစီ၊ အရပ်က သိပ်မမြင့်၊ လူက ကျစ်ကျစ်လစ်လစ်၊ မျက်လုံးက စူးစူးရှရှ၊ ကြည့်တာနဲ့ ဂျစ်တစ်တစ်ပုံစံမှန်း သိသာသည်။ ဆံပင်ပုံစံ ကတုံး ဆံပင်ပေါက်သည့် ဆံပင်နှင့်၊ ရှပ်အင်္ကျီလပ်တို အပြင်ထုတ်ဝတ်ထားသည်။ ပုဆိုးက တိုတို၊ ဖိနပ်က ဂျပန် ဖိနပ်နှင့်၊ ထောင်ကျကျ ပြားကျကျ နေတတ်မည့်ပုံ။ ကွမ်းကလည်း စားနေသေးသည်။

နောက်တော့ ငှက်ကြီးနှင့် ကျနော် အပြင်မှာ တွေ့ဖြစ်ပြီး အရမ်းခင်သွားကြသည်။ နောက်ပိုင်း နေ့တိုင်း သူနှင့်ဆုံဖြစ်သည်။ ကျနော့် အိမ်ကို လာလည် တတ်သည်။ တခါတလေ ကျနော့်အိမ်မှာ သူ့ကို ထမင်းစားဖိတ်သည်။

များသောအားဖြင့်တော့ ကျနော့်နှင့် ဘယ်သူနဲ့ပဲ ခင်ခင် ကျနော့်မိသားစုနှင့်ပါ ခင်သွားတတ်သည်။

နောက်တော့ ငှက်ကြီးအကြောင်း ပိုသိရသည်။ သူက မော်လမြိုင် GTI က Electrical Power နှင့် ပြီးသည်။ ဇာတိက မွန်ပြည်နယ် အပေါင်က၊ သူ့အဖေက အစိုးရ၀န်ထမ်း။ ဒါပေမယ့် သိရသလောက် သူ့သားကို ဆုံးမသွန်သွင်ထားပုံက တစ်မျိုး။ ကျနော်တို့ မိသားစုနှင့် သိပ်တော့မတူ။

ဒီလိုနှင့် ကျနော်နဲ့ ငှက်ကြီးလည်း အလုပ်တူတူ လုပ်ဖြစ်ကြတယ်။ နေ့တိုင်းနီးပါးလည်း တွေ့ပြီး တွဲဖြစ်ကြတယ်။ ကျနော့်နှင့် အပြင်မှာ တွေ့တဲ့ ငှက်ကြီးနဲ့ သူ့အလုပ်ခွင်မှာတွေ့ရတာတဲ့ ငှက်ကြီးကတော့ တခြားစီ။

သူ့အလုပ်ခွင်မှာတော့ အလုပ်သမား လူမျိုးစုံ၊ အရွယ်မျိုးစုံကို ဆက်ဆံနေရတော့ သူ့မျက်နှာက အမြဲ တင်းနေသည်။ သူ့ကို ရိုသေအောင် နေတာလို့ပဲ ကျနော် ထင်တယ်။ ကျနော်သွားရင်တော့ သူ့အလုပ်သမားတွေက ကျနော်နှင့် ပြုံးပြုံးရွှင်ရွှင် လာစကားပြောသည်။ အဲဒါကို ငှက်ကြီးက မကြိုက်၊ ကျနော့်ကိုလည်း သူ့လိုပဲ မျက်နှာ မာမာနှင့် နေစေချင်သည်။ အမြင်မတော်တာတွေ့ရင် သူ့အလုပ်ထဲမှာ ၀င်ပြောစေချင်သည်။ ကျနော်ကတော့ မျက်နှာမာမာနှင့် အလုပ်သမားတွေကို မဆက်ဆံတတ်ပါ။ ထုံးစံအတိုင်း ပြေပြေပြစ်ပြစ် ကိုယ့် ညီအစ်ကို သဖွယ် ရှင်းပြ ပြောပြသည်။ အဲဒါကို ငှက်ကြီးက မကြိုက်၊ ခင်ဗျား အဲဒီလို ဆက်ဆံနေရင် ဒီကောင်တွေ မီးရှို့သွားလိမ့်မယ်လို့ ပြောတတ်သည်။

ဆက်ရန် ...

Friday, June 22, 2012

ငှက်ကြီး

အပိုင်း (၁)

ကျနော်နှင့် မတွေ့ဖြစ်သေးခင် ငှက်ကြီး

ကျနော့် သူငယ်ချင်းကောင်းတွေအကြောင်း ပြောရင် ငှက်ကြီးကိုလည်း ချန်ထားလို့ မဖြစ်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူလည်း ကျနော့်အတွက် သူငယ်ချင်းကောင်း တစ်ယောက် ဖြစ်ခဲ့လို့ပါပဲ။

ငှက်ကြီးဆိုတာက သူ့ရဲ့ ကျောင်းက Nick Name ကျနော်ကိုယ်တိုင်တော့ ငှက်ကြီးလို့ မခေါ်ဖြစ်ခဲ့ပါ။ ကျနော့်ထက်လည်း ကြီးတော့ သူ့နာမည်ကိုပဲ ကို---- တတ်ခေါ်ခဲ့သည်။ သူကိုယ်တိုင်လည်း ကျနော့်ကို အမြဲတမ်း ကို----- တပ်ပြီး ကျနော့်နာမည်ကို ခေါ်သည်။

ကျနော်တို့ နယ်မြို့လေးကို သူရောက်လာတော့။ ကျနော့်တို့ လုပ်ငန်းတူ သူငယ်ချင်းတွေ ကြားထဲမှာ သူ့နာမည် ကြားရသည်။ သူ့နာမည်က ကျနော်တို့ လက်ဖက်ဆိုင် စကားဝိုင်းမှာ အမြဲပါနေကြ။
ဆိုတော့ ကျနော် သူ့နာမည်ကြားတိုင်း သူ့ပုံစံကို စိတ်ကူးပုံဖော် ကြည့်ထားသည်။

အဲဒါကလည်း ကျနော့်အကျင့်၊ တစ်ခုခုဆို မျက်စိထဲမှာ မြင်ကြည့်သည်။ ဒီလူက ဒီလိုပုံ ဖြစ်ရမည်။ အရပ်က ဘယ်လို၊ အသားအရောင်က ဘယ်လို၊ ဘယ်လို အိတ်မျိုးကို ပုခုံးမှာ လွယ်ထားမည်။ အဲဒါ ကျနော့်အကျင့်။ ကောင်းသလား၊ ဆိုးသလား ကျနော်မခွဲခြားတတ်။

ဒီလိုပဲ ငှက်ကြီးနာမည် ကြားတော့ ကျနော် သူ့ပုံစံကို စိတ်ကူးပုံဖော် ကြည့်ထားသည်။ ငွေကြေးပဏာမ မနည်းတဲ့ လုပ်ငန်းတစ်ခုကို ဦးစီး လုပ်ကိုင်နေတယ်ဆိုတော့ လူပုံစံက ရင့်ကျက်ပုံပေါက်မည်။ အရပ်မြင့်မည်။ အသားဖြူဖြူ၊ ဆံပင်က နဲနဲရှည်မည်။ မျက်နှာက Chinese Face ဖြစ်နိုင်သည်။ အင်္ကျီကအဖြူရောင် လက်ရှည်ဝတ်ပြီး ခေါက်ထားမည်။ ပုဆိုးက အရောင် ရင့်ရင့် ခပ်ရှည်ရှည် ဝတ်ထားမည်။ နောက် ကတီဘာဖိနပ် စီးမည်။ ဗယ်ဘက်မှာ အိတ်အနက် တစ်လုံး လွယ်ထားမည်။ အဲဒီလို စိတ်ကူးထဲမှာ ပုံဖော်ကြည့်ထားတော့ သူ့အကြောင်းကြားတိုင်း သူ့ပုံစံကို မျက်စိထဲ မြင်ခဲ့သည်။

Wednesday, November 9, 2011

သူငယ်ချင်းတစ်ယောက်အကြောင်း

၉၆ တုန်းက ကျနော့်အသက်က ၁၆ နှစ်။ ရန်ကုန် နတ်မောက်စက်မှုလက်မှု အထက်တန်းကျောင်းမှာ ညနေပိုင်း (၃) လ သင်တန်းတစ်ခု တက်ဖူးတယ်။ အဲဒီ သင်တန်းပြီးတဲ့ အချိန်က ည (၈) နာရီဆိုတော့ (၄၆) လိုင်းကားကို ဖမ်းလို့ မရတော့။ ဒါကြောင့် နေ့တိုင်း ကျောက်မြောင်းကို ခြေကျင်ပြန် ရလေ့ရှိတယ်။ ပြန်ရင်လဲ နီးအောင် အလုပ်သမား ဆေးရုံးဝင်ထဲကို ဖြတ်ပြန်တယ်။ တခါတလေ စိတ်ပါရင်တော့ ကန်တော်ကြီးကို လမ်းတပတ် လျှောက်ပြီးမှ ပြန်တယ်။ တစ်နေ့တော့ အပြန်လမ်းမှာ သင်တန်းက သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တယ်။ သူလဲ ကျောင်းမြောင်းထဲက၊ နေ့တိုင်းခြေလျှင် ပြန်တယ်။ အပြန်လမ်းမှာလဲ Issue မျိုးစုံကို တစ်ယောက်တစ်လဲ မရိုးအောင် ပြောကြတယ်။

သူက အသက် ကျနော့်ထက် (၅) နှစ်လောက်ကြီးတယ်။ ကျနော်က (ကို) တပ်ခေါ်ပေမယ့် သူက မင်းနဲ့ ငါနဲ့ ပဲ သုံးတတ်တယ်။ အသားဖြူဖြူ။ ရင်အုပ် ကျယ်ကျယ်။ အရပ်တော့ သိပ်မမြင့်။ နဖူးလဲ နဲနဲ ကျယ်တယ်။ ကရင်-တရုတ် ကပြား။ ဒါပေမယ့် ဗမာစိတ်ပဲ ရှိတယ်။ ဆေးလိပ်သောက်တယ်။ ရှပ်အင်္ကျီအစင်း လက်တိုတွေကို ပုဆိုးနဲ့ ၀တ်တတ်တယ်။ လက်ပတ်နာရီအကောင်းစားကို သရေကြိုး အနက်လေးနဲ့ ပတ်တယ်။ ကတ္တီဘာ ဖိနပ်လဲ အမျိုးအစားကောင်းကောင်း စီးတယ်။ တခါလမ်းလျှောက်ရင်း သူပြောဖူးတယ်။ “ယောကျာ်းလေးတွေမှာ နာရီနဲ့ ဖိနပ် ကောင်းကောင်းလိုတယ်။ မိန်းမလေးတွေမှာ နားကပ် ကောင်းကောင်းလိုတယ်” တဲ့။ အဲဒီစကားကို ကျနော့် စိတ်ထဲက လက်မခံခဲ့ပေမယ့် အဲဒီအချိန်က ကျနော် ရယ်ပြီးသာ နေခဲ့တယ်။

နောက်တော့ အဖွဲ့ကျပြီး (၃) လထဲက ရက်တော်တော်များများ သူနဲ့ ပြန်ဖြစ်တယ်။ တခါတလေ သူနဲ့ ကျောက်မြောင်းထဲမှာ လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်။ ဒီလိုနဲ့ သင်တန်းပြီးသွားပြီး သူနဲ့ ပြန်မတွေ့ဖြစ်တော့။

နောက် သုံးနှစ်လောက်ကျတော့ ကျနော်လဲ ဆယ်တန်းအောင်ထားပြီး အားနေတဲ့ အချိန်။ ကျနော်နေတဲ့ နယ်မြို့လေးမှာ မထင်မှတ်ပဲ သူ့ကို ပြန်တွေ့တယ်။ အဲဒီနေ့က မနက်အစောကြီး၊ ရာသီက ဆောင်းတွင်း အနွေးထည်တွေနဲ့၊ သူ့ကို သူ့ အခြားသူငယ်ချင်းတစ်ယောက်နဲ့ ပြန်တွေ့တယ်။ စတွေ့တဲ့နေ့ မတိုင်မှီ တရက်မှ ကျနော်တို့ မြို့ကို သူရောက်တာတဲ့။ ကျနော် အဲဒီမှာ နေတာ သူ့ကို မပြောပြဖူးတော့ သူလဲ အံ့သြ ကျနော်လဲ အံ့သြ ဖြစ်ကြတယ်။

စတွေ့တဲ့နေ့ပဲ ကျနော်တို့ နေတဲ့ မြို့က ကောင်မလေးတစ်ယောက်ရဲ့ နာမည်မေးတယ်။ နောက် ရည်းစား ရှိလားတဲ့။ အဲဒီကောင်မလေးက ဈေးဆိုင်တစ်ခုက သူ့အမတွေနဲ့ တူတူဖွင့်ထားကြတာ။ သူမေးတဲ့သူကို ကျနော် သိပေမဲ့ သူ့နာမည် မေးတော့ ကျနော်လဲ မသိဖြစ်နေတယ်။ တွဲတာတော့ တခါမှ မမြင်ဖူးဘူးလို့ ကျနော် ဖြေတော့ သူနဲနဲ ၀မ်းသာသွားတယ်။ သူကိုယ်တိုင်လဲ အဲဒီကောင်မလေးကို နာမည်မေးခဲ့ပေမယ့် ကောင်မလေးက “အမေက နာမည်မေးရင်၊ မပြောရဘူးလို့ မှာထားတယ်လို့” သူ့ကို နောက်လွှတ်လိုက်တယ်။ ဒါနဲ့ ကျနော် စုံစမ်းပေးမယ်လို့ ပြောလိုက်တယ်။ နောက်လမ်းခွဲ ကြတယ်။

အမှန်က သူ ကျနော်တို့ မြို့လေးမှာ စီးပွားရေး တစ်ခုလာလုပ်တာပါ။ သူ့နဲ့ ကျနော် မတွေ့တဲ့ နှစ်တွေက သူနိုင်ငံခြားမှာ အလုပ်ထွက် လုပ်သေးတယ်လို့ သိရတယ်။ နောက် သူ့အလုပ်ထဲ ကျနော် သွားလည်ခဲ့တယ်။ နောက်တော့ ကျနော်လဲ သူနဲ့ တူတူ အလုပ်နဲနဲ တွဲလုပ်ဖြစ်တယ်။
နောက် သူသိချင်တဲ့ ကောင်မလေး နာမည် ကျနော် စုံစမ်းပေးခဲ့တယ်။

သူလဲ အဲဒီကောင်မလေးဆိုင်ကို နေ့တိုင်း ဈေးသွားဝယ်တယ်။ တစ်ရက်သူ ထမင်းချိုင့်တစ်မျိုး သွားမေးတယ်။ သူလိုချင်တာ စစ်သုံး သံထမင်းချိုင့် (ဟန်းကော)။ သူ့အလုပ်က အလုပ်သမားတွေအတွက်။ ဒါပေမယ့် ကောင်မလေးက သူ့ကို နောက်လွှတ်လိုက်တယ်။ “အစားကြီးတဲ့ လူတွေစားတဲ့ ချိုင့်တော့ မရှိဘူး။ အစားမကြီးတဲ့ လူတွေအတွက် ထမင်းချိုင့်ပဲ ရှိတယ်လို့။” သူလဲ ရှက်ရှက်နဲ့ ပြန်ခဲ့တယ်။ ဒါပေမယ့် ဈေးအ၀ယ်တော့ မပျက်ဘူး။ နောက်သူလဲ နာမည်သိသွားပြီး နဲနဲ ရင်းနှီးသွားတယ်။ ၀ယ်စရာမရှိရင် သကြားပဲဝယ်ထားတော့ သူ့အိမ်ရောက်ရင် ကျနော် သကြားထုပ်တွေ ကျနော် အမြဲတွေ့တယ်။ နောက်သူနဲ့ ကျနော်ပါ အဲဒီဆိုင်လိုက်သွားဖြစ်တယ်။ အဲဒီကောင်မလေးနဲ့ နဂိုကတည်း တမြို့ထဲ တွေ့ဖူးထားတော့ ကျနော်နဲ့ပါ ခင်သွားတယ်။ နောက် သူဖွင့်ပြောတယ်။ တစ်နှစ်လောက်နေတော့ သူအဖြေရတယ်လို့ သိရတယ်။
သူ့မှာ အဖေ မရှိ။ အမေက နောက်အိမ်ထောင်နဲ့ ဆိုတော့ အဘိုး၊ အဒေါ်တွေနဲ့ ကြီးခဲ့ရတယ်။

အဒေါ်အပျိုကြီးတွေက အလိုလိုက်ထားတော့ နဲနဲ ဆိုးတယ်။ ဒါပေမယ့် သူ့ဆိုးပုံက သူ့အပေါ်သူသာ မကောင်းတာ သူငယ်ချင်းတွေ အပေါ် အားလုံးကောင်းတယ်။ သူများကို ခင်တတ်တယ်။ ကူညီတတ်တယ်။ ဖော်ဖော်ရွေရွေရှိတယ်။ စကားပြောရင်လဲ အသုံးအနှုန်းတွေကို သတိထားပြီး သုံးတယ်။

ကျနော့် အိမ်ကိုလဲ လာတတ်တော့ ကျနော့် အဖေ၊ အမေနဲ့လဲ ခင်တယ်။ အမေက သူ့ကို သားလို့ပဲ ခေါ်တယ်။
ဒီလိုလဲ ၂ နှစ်လောက်အတွင်းမှာ သူတို့အတွဲ ချစ်သူအဖြစ်နဲ့ နေကျတယ်။ နောက်တော့ သူ့လုပ်ငန်း သိပ်အဆင်မပြေဖြစ်လာတယ်။ ပထမက သူ့အနားမှာ ရှိတဲ့ သူငယ်ချင်းအချို့လဲ သူ့ကို ခွာလာတာ ကျနော် သတိထားမိတယ်။ နောက်ဆုံး လုပ်ငန်းရပ်ပြီး သူရန်ကုန် ပြန်ဖို့ ပြင်တယ်။ ကောင်မလေးဘက်က ပထမပိုင်း သူနဲ့ သဘောတူသလို ရှိပေမယ့် နောက်ပိုင်း သဘောမတူကြတော့ဘူး။ ဒါနဲ့ နောက်ဆုံး ခိုးပြေးကြတယ်။

တစ်လလောက်နေတော့ မိန်းကလေးမိဘတွေဆီကို ပြန်အပ်ပြီး ကျနော်တို့ မြို့မှာ ဧည့်ခံပွဲ လုပ်တယ်။
သူ့မှာ အဖေ၊ အမေ မရှိတော့။ ကျနော် ကျနော့် အဖေ၊ အမေကို သွားပေးဖို့ အစောကြီးထဲက ဂတိ တောင်းထားတယ်။ တကယ်လဲ သွားဖြစ်တယ်။ သူ့ မင်္ဂလာဆောင်နေ့က ကျနော် စိတ်ရော ကိုယ်ပါ ကူညီဖြစ်တယ်။ ကျနော်အရမ်းပျော်နေလို့ အမ ၀မ်းကွဲတစ်ယောက်က ကျနော့်ကို စတယ်။ မင်္ဂလာဆောင်တာ ဘယ်သူလဲတဲ့။ မင်္ဂလာဆောင်ကို သူ့အဒေါ်တွေရော၊ သူ့အမေပါ လာတယ်။ ကျနော့် အဖေနဲ့ အမေ မပြန်ခင် သူတို့ စုံတွဲရယ်၊ ကျနော်ရယ်၊ ကျနော့် အဖေ၊ အမေရယ် ဓါတ်ပုံတွဲရိုက်တယ်။

နောက်တော့ သူရန်ကုန်မှာ ပြန်အလုပ် လုပ်တယ်။ သူ့အမေ ဘက်က ဦးလေးနဲ့တူတူ။ သူ့မိန်းမကတော့ ကျနော်တို့ မြို့မှာ ကျန်ခဲ့တယ်။ သူကတော့ ပြန်လာတဲ့နေ့ ပြန်လာပြီး ရန်ကုန်မှာ ညအိပ်တဲ့ နေ့တွေ အိပ်တယ်။ ရန်ကုန်ရောက်တဲ့ တခါတလေလဲ သူ့အလုပ်ကို ၀င်တွေ့ဖြစ်တယ်။ တခါတလေလဲ သူပြန်လာတတ်တဲ့ ရက်တွေ ညဘက် သူ့အိမ်ကို သွားတက်တယ်။ ကျနော်သွားရင် ကျနော်နဲ့ တူတူ လက်ဖက်ရည်ဆိုင် လိုက်ထိုင်တယ်။

တည ကျနော့် သူ့အိမ်သွားတော့ လမ်းတွေမှာ ရေနဲနဲ တက်နေတယ်။ မှောင်ကလဲ နဲနဲ မှောင်နေတယ်။ ဒါပေမယ့် ကျနော်ရောက်အောင် သွားဖြစ်တယ်။ သူနဲ့ တွေ့တော့ သူလဲ အပြင်လိုက်ထွက်ပြီး လက်ဖက်ရည်ဆိုင် ထိုင်မယ်ဆိုတော့ သူ့မိန်းမတောင် အံ့သြသွားခဲ့တယ်။

နောက်တော့ သူသားလေး တစ်ယောက်ရတယ်။ သူ့မိန်းမမွေးတဲ့ ညက ကျနော်နဲ့ တွေ့တော့ သူအရမ်းပျော်နေတာ တွေ့ရတယ်။ တွေ့ချင်းချင်းပဲ ကျနော် ခလေးကော၊ အမေကော နေကောင်းတယ်လားမေးတော့ နေကောင်းတယ်တဲ့။ ငါ့သား လက်ချောင်းလေးတွေက ငါတို့ လက်နဲ့ မတူပဲ မင်းလက်တွေနဲ့ တူတယ်တဲ့။ ရှည်ရှည်လေးတွေတဲ့။ အဲလို အဓိပ္ပါယ်ပါပါ ကျနော့်ကို နောက်ခဲ့သေးတယ်။

နောက်ပိုင်း သူ့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်တိုင်း သူခဏ ခဏ ပီတိမျက်နှာနဲ့ ပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ သားလေး ရတော့ ဘ၀က ပိုပြီး လေးနက်လာတယ်တဲ့။ ကျနော်လဲ သူ့ခံစားချက်ကို နားလည်ခဲ့တယ်။

ဒီလိုနဲ့ ကျနော် ထိုင်းကို ထွက်ဖို့ ဖြစ်လာတော့ သူငယ်ချင်းတွေကို တစ်ရက်ထဲနဲ့ တတ်နိုင်သလောက် အမြန်လိုက်တွေ့တယ်။ အချို့လဲ မတွေ့ဖြစ်ခဲ့ဘူး။ အချို့လဲတွေ့ပြီး စကားအမြန်ပြောဖြစ်တယ်။ သူ့ကိုတော့ မတွေ့လို့ ညဘက် လက်ဖက်ရည်ဆိုင်တစ်ခုမှာ တွေ့ဖို့စာလေး ရေးပေးခဲ့ပြီး သူ့အလုပ်မှာ ပေးခဲ့တယ်။ အဲဒီည သူလဲ တကယ်ရောက်လာပြီး တွေ့ဖြစ်တယ်။

ဒီလိုနဲ့ ကျနော်လဲ ဗန်ကောက်မှာ ရောက်နေပြီး ၂ နှစ်လောက်ကြာသွားတယ်။ သူနဲ့ မဆက်သွယ်ဖြစ်ဘူး။ နောက် အမေ့ဆီက စာရောက်လာတယ်။ စာဖွင့်ကြည့်လိုက်တော့ သူ့တို့ မင်္ဂလာဆောင်က ဓါတ်ပုံကို အရင်တွေ့တယ်။ နောက်တော့ သူ့ အသုဘ ရက်လည်ဆွမ်းသွပ်တဲ့ ဖိတ်စာ။ သေချာဖတ်ကြည့်ပြီး ကျနော် မယုံနိုင်ဖြစ်သွားတယ်။

နောက်သူ့သားနာမည်၊ ဘယ်သူ့ရဲ့ ဖခင်၊ ဘယ်သူ့ရဲ့ ခင်ပွန်း၊ နောက်သူ့နာမည်တွေကို အသေအချာတွေ့လိုက်ရတော့မှ သူဆိုတာ သေချာသွားတယ်။ အဲဒါနဲ့ စာကို အမြန်ဖွင့်ဖတ်လိုက်တော့ အမေရေးထားတဲ့စာ။ သူဆုံးသွားပြီ။ မဆုံးခင် အမေသူ့ကို ဆေးရုံမှာသွားကြည့်ဖြစ်သေးတဲ့ အကြောင်း။
ဆွမ်းသွပ် ရက်လည်သွားခဲ့တဲ့ အကြောင်း။ နဲနဲ ပြည့်စုံအောင် ရေးထားတယ်။ နောက်အမေလဲ စိတ်မကောင်းဖြစ်တဲ့ အကြောင်းရေးထားတယ်။ ကျနော် ယုံပါတယ်။ ကျနော် အရမ်းခင်တဲ့၊ ချစ်တဲ့သူငယ်ချင်းကို ကျနော့်ကို ချစ်တဲ့ ကျနော့် အမေက အလေးအနက်ထားမှာပါ။ တကယ်လဲ သံယောဇဉ် ရှိမှာပါ။ တကယ်လဲ စိတ်မကောင်းဖြစ်မှာပါ။

နောက်တော့ သူ ကောင်းခဲ့ဘူးတဲ့ သူငယ်ချင်းအချို့ သူသေတော့ နောက်ကွယ်မှာ အတင်းပြောကြတာတွေ ကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ အချို့သူ့ငယ်ချင်းတွေကတော့ သူငယ်ချင်းကောင်း ပီသစွာ သူ့နောက်ဆုံး အချိန်ထိ သူ့ဘေးနားမှာ ရှိခဲ့တဲ့ အကြောင်းလဲ ကြားရတယ်။

ကျနော်အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်၊ ကျနော်နှစ်သက်တဲ့ အကျင့်တွေ ရှိတဲ့ သူငယ်ချင်းတစ်ယောက်၊ သူ့သားနဲ့ သူ့ ဇနီးကလဲ သူ့ကို သိပ်ချစ်မှာ သေချာပါတယ်။ ကျနော် အမှန်တကယ် နှမြောမိတယ်။ အများကြီးမရှိတဲ့ ကျနော့် သူငယ်ချင်းကောင်းတွေထဲက သူငယ်ချင်းတစ်ယောက် အရင်ဆုံး ဆုံးပါးသွားတာကို ဒါ ကျနော့်ဘ၀မှာ ခံစားရတာပါ။

သူ့ဆုံးပြီး နောက်ပိုင်းမှာ ကျနော်ဆက်တွေးမိခဲ့တာကတော့ သူ့သားလေး ကိစ္စပဲ။ သူငယ်ငယ်က အဖေဆုံးပြီး သူ့အမေ နောက်အိမ်ထောင် ပြုသွားလို့ သူ အဖိုး၊ အဒေါ်တွေနဲ့ ကြီးခဲ့ရတယ်။ သူ့သားလဲ သူ့လို ငယ်ငယ်နဲ့ ဖခင်မဲ့ခဲ့ရပြီ။ ဒါပေမယ့် သူ့သားမှာ သူ့အမေ ရှိသေးတယ်။

ကျနော့် သူငယ်ချင်းအတွက် ကျနော် အကောင်းဆုံး လုပ်ပေးနိုင်တာကတော့ သူ့သားအတွက် ကူညီဖို့ပဲ။ ကျန်တာကတော့ ဆုတောင်းပေးရုံပဲ ရှိလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။

 
Free Website templateswww.seodesign.usFree Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Wordpress Themeswww.freethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree CSS Templates Dreamweaver