Showing posts with label ညီဖတ်ဖို့.... Show all posts
Showing posts with label ညီဖတ်ဖို့.... Show all posts

Friday, November 1, 2013

ညီဖတ်ဖို့... (မင်းအိတ်ထဲမှာ အမြဲရှိရမယ့် စာအုပ်တစ်အုပ်)

ညီရေ၊ အစ်ကိုက စာဖတ်သမားပါ။ စာဖတ်နေရရင် အရမ်းပျော်တယ်။ ငယ်ငယ်ထဲကလည်း
စာတွေကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့တယ်။ စာတွေဖတ်ရင်း ဆယ်စုနှစ် တစ်ခုလောက် ဖြတ်သန်းလာပြီး
ကိုယ့်ဘ၀ကိုယ် ပြန်ကြည့်မိတဲ့အခါ ဘ၀ခရီးလမ်းတလျှောက်လုံးမှာ ဖတ်ခဲ့တဲ့ စာတွေက
အတွေးအခေါ်ပိုင်းမှာ အများကြီး အထောက်အကူပေးခဲ့တာ တွေ့ရတယ်။ အဲ့ဒီလိုမျိုး သိလိုက်ရတဲ့အခါ
အများကြီး ကိုယ့်ဘာသာ ကျေနပ်မှုရခဲ့တယ်။

လူငယ်လမ်းညွှန် - ဒေါက်တာကျော်စိန်

အစ်ကို အသက်ငယ်ငယ်ပိုင်းက လက်စွဲဖတ်ခဲ့တဲ့ စာအုပ်လေးတစ်အုပ်အကြောင်း ငါ့ညီကို ပြောပြချင်တယ်။
စာအုပ်နာမည်က "လူငယ်လမ်းညွှန်"၊ ရေးတဲ့သူက ဆရာကြီး "ဒေါက်တာကျော်စိန်"။ အမှန်အတိုင်းပြောရရင်
စာအုပ်နာမည်၊ စာရေးသူအမည်နဲ့ စာအုပ် ဒီဇိုင်းက အခုမှ "စာ" စဖတ်မယ့် လူငယ်တစ်ယောက်အတွက် ချက်ခြင်း ကောက်ကိုင်ချင်စရာတော့ မကောင်းဘူး။ ပျင်းစရာ ကောင်းတယ်။ ဒါပေမယ့်
အထဲမှာ ဆရာကြီးဒေါက်တာကျော်စိန်ရဲ့ စာရေးဟန်က ပေါ့ပါးတယ်၊ ရိုးရှင်းတယ်။

ဒီလိုပြောတော့ ငါ့ညီက ဒီစာအုပ်ထဲမှာ ဘာတွေများရေးထားမလဲ ဆိုပြီး စဉ်းစားလိမ့်မယ်။
စာအုပ်ထဲမှာတော့ လူငယ်တစ်ယောက်အတွက် လိုအပ်မယ့် ကဏ္ဍအစုံပါတယ်။ ကျန်းမာရေးကစလို့ ပညာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ကြီးပွားတိုးတက်ရေး၊ အိမ်ထောင်ရေး၊ နိုင်ငံရေးအထိ ဘ၀တစ်ခုကို စတင်ဖြတ်သန်းမယ့် လူငယ်တစ်ယောက်အတွက် သိသင့်သိထိုက်တာတွေ အကုန်လုံး ပါတယ်။

အဲ့ဒီစာအုပ်မျိုးက ငှားပြီး တစ်ထိုင်တည်းဖတ်ပြီး ပြန်ပေးရမယ့် စာအုပ်မျိုးမဟုတ်ဘူး။
ဒီတော့ ငါ့ညီကို ဒီစာအုပ်လေးကို လက်စွဲအဖြစ် အပိုင်ဝယ်ထားစေချင်တယ်။ ဒီစာအုပ်လေးက ဈေးလည်းသိပ်မကြီးသလို သေးသေးပေါ့ပေါ့ပါးပါးလေးလည်း ဖြစ်တာကြောင့် သွားလေရာမှာ အိတ်ထဲမှာ ထည့်ထားလို့ရတယ်။ အချိန်ရသလို ဖြည်းဖြည်းချင်း ဖတ်သင့်တယ်။ အခန်း တစ်ခန်းခြင်းစီကို ဖြည်းဖြည်းအေးအေးခြင်း ဖတ်ရမယ့် စာအုပ်ဖြစ်တယ်။

ပြောတာတွေလည်း များသွားပြီ၊ ဒီလောက်ညွှန်းနေတော့ ဒီထပ်ကောင်းတဲ့ စာအုပ်တွေ မရှိတော့ဘူးလားဆိုပြီး မေးချင်လိမ့်မယ်။

အရင်ဆုံး ဒီစာအုပ်လေးကို မင်းအိတ်ထဲမှာထည့်ထားပြီး လက်စွဲစာအုပ်လေးအဖြစ် အမြဲဖတ်နေကြည့်ပါ။
ဒီလို ဖတ်နေရင်း နှစ်အတော်ကြာတဲ့အခါ ဒီထပ်ကောင်းတဲ့ စာအုပ်တွေကို မင်းဘာသာ
ရွေးချယ်တတ်လာလိမ့်မယ်။ ဒီတော့ ဒီစာအုပ်လေးကို ဖတ်ဖြစ်ဖို့ တိုက်တွန်းရင်း အစ်ကို့စာကို အဆုံးသတ်လိုက်တယ်။

Sunday, October 21, 2012

ညီဖတ်ဖို့… (ဘယ် ၈ နာရီက အရေးအကြီးဆုံးလဲ)

ညမှာ သုံးယံရှိတယ်လို့တော့ အစ်ကို သိထားတယ်။ မင်းလဲ သိထားပြီးသား ဖြစ်လိမ့်မယ်။ ဒါပေမယ့် ၂၄ နာရီကို ၃ ပိုင်း ခွဲခြားပြီးတော့ မင်းမသိသေးဘူး ထင်တယ်။ အစ်ကို ဖတ်ထား၊ မှတ်ထားမိတာ တစ်ခုကို ပြောပြမယ်။ နေ့တစ်နေ့မှာ ၂၄ နာရီ ရှိတယ်။ ၈ နာရီက အိပ်လို့ ကုန်သွားတယ်။ အိပ်ချိန်ကလည်း အမှန်တကယ်ပဲ ကျန်းမာရေးအတွက်အရေးကြီးတယ်။ နောက်နေ့ အလုပ်ခွင်မှာ စိတ်ကြည်ကြည်လင်လင်နဲ့ လုပ်ကိုင်နိုင်ဖို့ အတွက် လုံလောက်အောင် အိပ်ဖို့ လိုပါတယ်။

နောက်ထပ် ၈ နာရီက အလုပ်ခွင်မှာ ကုန်တယ်။ တစ်ချို့ဆို ဒီထက်ကြာအောင် လုပ်ရတယ်။ တစ်ချို့ဆို ၁၀ နာရီ၊ ၁၂ နာရီ လုပ်ကြရတယ်။

ဒါဆို ကျန်တဲ့ အချိန်လေးကို တွက်ကြည့်ပါဦး။

၂၄ နာရီ (တစ်ရက်တာ) – (၈ နာရီ (အိပ်ချိန်) + ၁၀ နာရီ (အလုပ်ချိန်) ) = ၆ နာရီ (အားလပ်ချိန်)

၂၄ နာရီ (တစ်ရက်တာ) – (၈ နာရီ (အိပ်ချိန်) + ၁၂ နာရီ (အလုပ်ချိန်) ) = ၄ နာရီ (အားလပ်ချိန်)

ဒီလောက်ဆိုရင် မင်းရဲ့အားလပ်ချိန်ကို တွက်ကြည့်လို့ရလောက်ပြီ ထင်တယ်။

ပုံမှန်ဆို ၈ နာရီ ကျန်မယ်။ အဲဒီ ၈ နာရီထဲမှာ မင်းဘာတွေ လုပ်မလဲ။ ချရေးကြည့်ရအောင်

ရေချိုး၊ ထမင်းစား၊ အလုပ်သွား၊ အလုပ်ပြန်၊ TV ကြည့်၊ မိတ်ဆွေတွေနဲ့စကားပြော၊ သူများပြောတာ နားထောင်၊ ကော်ဖီဆိုင်ထိုင်၊ အားကစားလုပ်၊ ဘာသာရေးအတွက်အချိန်ပေး၊ ပြီးတော့ အခြားအခြားသော ပါစင်နယ်ကိစ္စတွေ…

စသည့်ဖြင့် ချရေးလို့ မကုန်နိုင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်လည်း အချိန်ကို သုံးကြတာချင်းလည်း မတူပါဘူး။

လူတော်တော်များများက အလုပ်ခွင်မှာ ပင်ပင်ပန်းပန်း လုပ်ပြီးပြန်လာရင်ဘဲ သူ့တို့ဘ၀ တိုးတက်မှုအတွက် လုံလောက်ပြီလို့ ထင်တတ်ကြတယ်။ အစ်ကို သူတို့ကို စော်ကားတာ မဟုတ်ဖူး။ အားမလို အားမရ ဖြစ်တာ။ ဒါကြောင့် ငါ့ညီကို ပြောပြတာပါ။ အလုပ်ခွင်မှာ ကြိုးစားပန်းစား လုပ်ကိုင်ပေးတာ အရမ်းကောင်းတာပေါ့။ အဲလို လုပ်ကိုင်ပေးတာ အလုပ်ရှင်ရဲ့ ကျေနပ်မှုလည်း ရသလို၊ မိမိရာထူးတက်ဖို့လည်း အထောက်အကူ ဖြစ်နိုင်ပေါ့။ ဒါပေမယ့် အလုပ်ကို ကြိုးစားပန်းစား လုပ်တာတစ်ခုတည်းက အလုပ်ခွင်ထဲမှာ တိုးတက်မှုကို မဖြစ်စေပါဘူး။ နောက်ထပ် အခြားအရာတွေ အများကြီးလိုသေးတယ်။

အလုပ်ကြိုးစားလုပ်တဲ့ လူတွေအကြောင်းပြောရရင်တော့ ပြောမကုန်နိုင်ပါဘူး။ ကျောက်စစ် ပန်းပုပညာရှင် မိုက်ကယ်အိန်ဂျလိုဆိုရင် အိပ်ယာထတာနဲ့ တန်းပြီး အလုပ်လုပ်နိုင်ဖို့ ညအိပ်ယာဝင်တာတောင် အလုပ်ခွင်အ၀တ်အစားနဲ့ အိပ်ယာဝင်တယ်။ ဘီဂိတ်စ်ဆို မိုက်ကရိုဆော့မှာ ရုံးတက်တုန်းက အခြားအလုပ်တွေအပြင် တစ်ရက်တစ်ရက် အီးမေးလ် အစောင် ၃၀၀၊ ၄၀၀ နီးပါး နေ့တိုင်းရေးရတယ်၊ ပို့ရတယ်။ ဒါကြောင့်လဲ ဒီလူတွေ ကမ္ဘာကျော်သွားကြတာပဲလေ။ အဲဒီအကြောင်းကို နောက်တော့ထပ်ပြီး အသေးစိတ်ပြောပြဦးမယ်။

ဒီကဏ္ဍလေးမှာ ပြောချင်တာက အိပ်ချိန် ၈ နာရီလည်း မဟုတ်ဖူး၊ အလုပ်ချိန် ၈ နာရီလည်း မဟုတ်ဖူး။ နောက်ထပ် ကျန်တဲ့ ၈ နာရီအကြောင်းပါ။ အားလပ်ချိန် ၈ နာရီဆိုပါတော့။

အစ်ကိုကိုယ်တိုင်လည်း အဲဒီ ၈ နာရီက လူ့တစ်ယောက်ရဲ့ ဘ၀တိုးတက်ဖို့အတွက် အရေးအကြီးဆုံးပဲလို့ ယုံကြည်တယ်။ ဒါကြောင့်လည်း အသေးစိတ်ကို ပြောပြချင်နေတာ။

အဲဒီ အားလပ်ချိန် (၈) နာရီနဲ့ ကိုယ့်ဘ၀ကို တိုးတက်အောင် ဘာတွေလုပ်နိုင်မလဲဆိုတာကို (၃) ချက်လောက် စဉ်းစားပြီး ရေးကြည့်မယ်။ ဒီထက်မက တကယ့်ကိုအများကြီး ရှိပါသေးတယ်။

(၁) အစ်ကိုတွေ့ဖူးတဲ့ လူတစ်ဝက်ကျော်လောက်က သူတို့လုပ်နေတဲ့အလုပ်ကို မုန်းကြတယ်။ လုပ်တဲ့အလုပ်ကို မချစ်မှတော့ အလုပ်ခွင်ထဲမှာ ပျော်မှာမဟုတ်တော့ဘူးဆိုတာ သေချာတယ်။ ငါ့ညီ အဲဒီလူမျိုးတွေကို တွေ့ရင်မေးကြည့်ပါ။ အလုပ်ချိန်ပြီးလို့အားရင် ဘာတွေ လုပ်သလဲလို့။

တကယ်လို့ သူတို့မုန်းတဲ့အလုပ်ကို စွန့်ခွာချင်တယ်ဆိုရင် အဲဒီအားလပ်ချိန်မှာ မိတ်ဆွေအပေါင်းအသင်းတွေ၊ အခြားအလုပ်ရှင်တွေဆီကနေ မိမိလုပ်ချင်တဲ့ အလုပ်မျိုးရနိုင်ဖို့ သတင်းကို စုံစမ်းနေသင့်တယ်။ အားထုတ်နေသင့်တယ်။ အဲဒီလို အားထုတ်နေရင် မိမိနှစ်သက်တဲ့ အလုပ်မျိုးကို ရလာပါလိမ့်မယ်။

(၂) ကိုယ်လုပ်ချင်တဲ့အလုပ်အတွက် ကိုယ့်မှာကျွမ်းကျင်မှု မရှိဘူးဆိုရင်လည်း အဲဒီအချိန်မှာ သင်တန်းတက်တာမျိုး၊ လက်တွေ့လုပ်ငန်းခွင်မှာ နာရီပိုင်းလောက် နေ့စဉ်သွားရောက် လေ့လာတာမျိုးလုပ်နိုင်တယ်။ အဲဒီလို လေ့လာနေမယ်ဆိုရင် အချိန် ၂ နှစ်လောက်အတွင်းမှာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ပြောင်းပြီးလုပ်နိုင်မယ့် ကျွမ်းကျင်မှုမျိုး ရလာနိုင်တယ်။

(၃) ကိုယ်လုပ်ချင်တဲ့ အလုပ်နဲ့သက်ဆိုင်တဲ့ စာအုပ်စာတမ်းတွေ ဖတ်မှတ်လေ့လာနေတာမျိုးတွေ လုပ်နိုင်ပါတယ်။ အဲဒီလို ဖတ်မှတ်လေ့လာမှုတွေက အလုပ်ခွင်ထဲကို လက်တွေ့ရောက်တဲ့အခါမှာ အများကြီး အထောက်အကူဖြစ်ပါတယ်။ 


အဲဒီ ၃ ချက်အပြင် အခြားအရေးကြီးတာတွေ အများကြီးလုပ်နိုင်ပါသေးတယ်။ လက်တွေ့ကျကျပြောရမယ် ဆိုရင်တော့ လူတစ်ယောက်နဲ့ တစ်ယောက်နဲ့ ကွာသွားရတဲ့အကြောင်းရင်းက အဲဒီအားလပ်ချိန် ၈ နာရီကို ဘယ်လို အသုံးပြုသလဲဆိုတာပေါ် မူတည်မှာပါပဲ။ လူတိုင်း ပုံမှန်အိပ်ချိန်၊ နေ့စဉ်အလုပ်လုပ်ချိန်ကတော့ သိပ်ကွာလှတာ မဟုတ်ဖူး။ 

ဒီတော့ ငါ့ညီကိုလည်း အဲဒီ အားလပ်မယ့် ၈ နာရီကို မပျင်းမရိ၊ အချိန်မဖြုန်းပဲနဲ့ ကိုယ့်ဘ၀ တိုးတက်ရာ တိုးတက်ကြောင်းအတွက် ဥာဏ်ရှိရှိ အသုံးချစေချင်ပါတယ်။ 

Wednesday, January 11, 2012

ညီဖတ်ဖို့… (အမှာစာ)

ကျနော့်မှာ အရမ်းချစ်ရတဲ့ ညီတစ်ယောက် ရှိတယ်။ သူနဲ့ပတ်သတ်ပြီး ကျနော့်ကို ကျနော် မကျေနပ်ခဲ့တာလေးတွေ ရှိတယ်။ သူ့အပေါ်တာဝန် မကျေဘူးလို့ ကိုယ့်ဘာသာ ယူဆခဲ့တာလေးတွေ ရှိတယ်။ စိတ်ပိုင်းဆိုင်ရာ ဗိုလ်ကျမိခဲ့တာလေးတွေ ရှိတယ်။ နေရာတကာ ကိုယ့်ပေတံနဲ့ တိုင်းပြီး ကိုယ်ဖြစ်စေချင်သလို ဆူခဲ့ မိတာလေးတွေ ရှိတယ်။ အဲဒါကြောင့် အိမ်နဲ့အဝေးရောက်နေတဲ့ ကျနော်က ညီကို သတိရတိုင်း စိတ်မကောင်းဖြစ်ရတာတွေ ရှိတယ်။

ဒါကြောင့် သူ့ကိုပြောပြနိုင်ဖို့ ကျနော် စာတွေ ရေးချင်နေမိတယ်။ အဖေတစ်ယောက်က သားကို သူမဖြစ်ခဲ့တာလေ အားလုံး သားမှာ ဖြစ်ဖို့ မျှော်လင့်ခဲ့သလို။ ကျနော်လဲ ကျနော့်ညီအတွက် ကျနော် မရခဲ့တဲ့ ကံကောင်းမှုလေးတွေကို ရစေချင်တယ်။ ဒါပေမယ့် အချို့အပိုင်းတွေမှာတော့ သူကိုယ်တိုင် ပြောင်းလဲဖို့ လိုပါတယ်။

ဖြစ်နိုင်ရင် သူ့ကို ကဏ္ဍအစုံမှာ ပြည့်ပြည့်စုံစုံအောင်မြင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်စေချင်တယ်။ ကျနော့်ညီကို ပြောပြရင်း အခြားသူငယ်ချင်း ညီငယ်တွေကိုလည်း ဖတ်စေချင်တယ်။ တတ်နိုင်ရင် စာအုပ်ပုံသဏ္ဍန် အဖြစ်ရအောင် အပိုင်းလေးတွေနဲ့ ခေါင်းစဉ်ငယ်လေးတွေ ခွဲရေးမယ်။ အများတကယ် ဖတ်ဖို့ တန်ဖိုးရှိတဲ့လို့ ယူဆရင်တော့ အီးဘုတ် (သို့) စာအုပ်အဖြစ်နဲ့ ထုတ်ဝေချင်တယ်။

၁၂.၁.၂၀၁၂

 
Free Website templateswww.seodesign.usFree Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Wordpress Themeswww.freethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree CSS Templates Dreamweaver