၁။ တခါတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ ပြောဖူးတယ်။ တချို့ ၀င်းဒိုးကွန်ပြူတာကို သုံးတဲ့ သူတွေ ကွန်ပြူတာကို စနစ်တကျ မသုံးတတ်တော့ ကွန်ပြူတာထဲမှာ ဗိုင်းရပ်တွေ၊ ထရိုဂျန်တွေနဲ့ ပြည့်ပြီး ကွန်ပြူတာက သူတို့ အလုပ်အတွက် သုံးရတာထက် ကွန်ပြူတာထဲမှာ ပုန်းကပ်ပြီးနေကြတဲ့ ဗိုင်းရပ်စ်တွေက သုံးလိုက်လို့ ကွန်ပြူတာတွေ ဟောင်းကုန်၊ ပျက်စီးကုန် ကြတယ်။
၂။ လူတချို့လည်း အဲ့ဒီကွန်ပြူတာတွေလိုပါပဲ။ ကိုယ့်အင်အား၊ ကိုယ့်အချိန်၊ ကိုယ့်ငွေတွေကို ကိုယ့်ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေး၊ ကိုယ့်မိသားစုအရေး၊ ပရဟိတအရေးတွေမှာ သုံးဖြစ်တာထက် အများရဲ့အထင်အမြင်တွေ၊ ကိုယ့်အပေါ်ထားတဲ့ သဘောထားတွေ၊ သူများကိုယ့်ကို အထင်ကြီးတာ၊ အထင်မကြီးတာတွေအပေါ် အလေးအနက်ထားလွန်ပြီး ကုန်ခမ်းကုန်ကြတယ်။
ကျနော့်အကြောင်း
Labels
- စိတ်ပညာ (1)
- ညီဖတ်ဖို့... (3)
- ပညာရေး (1)
- ပြင်သစ်စာမှတ်စု (3)
- သူငယ်ချင်း (7)
- ဟာသ (5)
- အဆိုအမိန့် (3)
- အတွေးအမြင် (5)
- အထွေအထွေ (2)
Friday, July 14, 2017
ဗိုင်းရပ်စ်အကိုက်ခံထားရတဲ့ သူတွေ
Posted by Administrator at 12:01 PM 0 comments
Labels: အတွေးအမြင်
Thursday, July 6, 2017
အခြေခံဆီကို ပြန်သွားရတယ်
၁။ တစ်ခါတစ်လေမှာ ဦးစားပေးရမှာတွေ များလွန်းတော့ ဘယ်အရာတွေ၊ ဘယ်သူတွေကို ဦးစားပေးရမယ်မှန်း မသိတော့ဘူးဆိုတာမျိုး ဖြစ်တတ်တယ်။ အဲ့ဒါအခါမှာ ကိုယ့်ရဲ့အခြေခံဆီ ပြန်သွားပြီး ဘယ်သူ၊ ဘယ်ဟာတွေက ငါ့အတွက် ဦးစားအပေးသင့်ဆုံးလည်းဆိုတာ စဉ်းစားရတယ်။ ကျန်တာတွေကို လောလောဆယ် တတ်နိုင်သလောက်ပဲ ဆိုတာမျိုး တွေးရတယ်။
၂။ ငယ်ငယ်က သချာင်္ဆရာတစ်ယောက် ပြောဖူးတယ်။ ဖြစ်နိုင်ရင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းက သချာင်္စာအုပ်တွေ ပြန်ရှာပြီး ဖတ်တဲ့။ ဟုတ်တယ်။ ဘယ်လောက်မြင့်တဲ့ ဘာသာရပ်ကို နားလည်ဖို့မဆို အခြေခံတွေကို သေချာနားလည်မှပဲ ရတယ်။
၃။ Oxford University Press က ထုတ်တဲ့ Very Short Introduction ဆိုတဲ့ Book Series ရှိတယ်။ ဘာသာရပ်တိုင်းအတွက် မိတ်ဆက်ရေးထားတာ။ ဘာဘာရပ်ပေါင်း ၆၀၀ နီးပါး ရှိတယ်။ ရည်မှန်းချက်ကတော့ အဲ့ဒီ မိတ်ဆက်စာအုပ် အားလုံးကို ၀ယ်ဖတ်ချင်တာပါပဲ။
Posted by Administrator at 2:30 PM 0 comments
Labels: အတွေးအမြင်
Saturday, July 1, 2017
နောင်တ နည်းရာသို့
၁။ ဆရာနန္ဒာသိန်းဇံရဲ့ "နောင်တကင်းရာသို့" စာအုပ်ကို ဖတ်ဖြစ်တယ်။ စာအုပ်ရဲ့ ရည်ညွှန်းကိုယ်ထဲက နောင်တရတတ်သူတွေအတွက် နောင်တရမှု နည်းအောင် ပြုပြင်နည်းလို့ ဖော်ပြထားတော့ စာအုပ်ခေါင်းစဉ်အတိုင်း နောင်တကင်းဘို့ရာ မဖြစ်နိုင်ဘူးလို့ ဆိုထားသလို ရှိနေပါတယ်။
၂။ ဆရာတော် ဦးဇောတိကကလည်း နောင်တလုံးလုံးကင်းမယ့်သူ မရှိဘူးလို့ လူတစ်ယောက်ရဲ့ မေးခွန်းကို ပြန်ဖြေပေးထား ဖူးပါတယ်။ သေခါနီး နောက်ဆုံးအချိန်မှာတော့ လူတိုင်းနောင်တရကြပါတယ်။ နောင်တကင်းတဲ့ လူရယ်လို့ မရှိဘူးလို့ ဆိုလိုပါတယ်။ နောင်တနည်းအာင်သာ သတိနဲ့နေထိုင်လို့ ရတယ်လို့ ဆိုပါတယ်။
၃။ ပြီးခဲ့နှစ်တုန်းက သုတသနလုပ်ဖို့ ဖွင့်ထားတဲ့ဖေ့ဘုတ်ကနေ မန္တလေးမှာနေတဲ့ ချာတိတ်နှစ်ယောက်နဲ့ ခင်ဖြစ်ခဲ့တယ်။ ဖေ့ဘုတ်ပေါ်မှာ ဓါတ်ပုံအစစ်၊ နာမည်အစစ်တွေ မသုံးတော့ ကျနော်ဘယ်သူဆိုတာ သူတို့ မသိပါဘူး။ အလုပ်တွေပြီးလို့ ဖေ့ဘုတ်ဖျက်ခါနီးတော့ အမှတ်တရလည်းဖြစ်အောင် သူတို့အတွက် အကျိုးရှိမယ်ထင်တဲ့ စကားတစ်ခွန်းတော့ ပြောဖြစ်ခဲ့တယ်။ "လုပ်သင့်တာတွေကို မလုပ်မိတာနဲ့၊ မလုပ်သင့်တာတွေ လုပ်မိတာတွေက နောင်မှာ နောင်တကို ဖြစ်စေလိမ့်မယ်။" လို့။ သုတေသနအတွက် လုပ်ထားတဲ့ ဖေ့ဘုတ်ကို ဖျက်လိုက်ပါတယ်။ နောက်ရက်တွေ ကျနော်ဖေ့ဘုတ်ကနေ သူတို့ဖေ့ဘုတ်ဆီ ပြန်ဝင်ကြည့်တော့ ကျနော်ပြောတာလေးကို သူတို့ ဖေ့ဘုတ်ပေါ်မှာ ပြန်တင်ထားတာ တွေ့ရတယ်။ "ဒါ ငါတို့အတွက် လက်ဆောင်ပဲ...။" တဲ့ အဲ့လိုလေး ပြန်မြင်ရတော့ ငါကိုယ်တိုင်လည်း နောင်တနည်းဘို့ မလုပ်သင့်တာတွေ တတ်နိုင်သလောက် မလုပ်မိအောင်၊ မပြောသင့်တာတွေ မပြောမိအောင်၊ လုပ်သင့်တာတွေ၊ ပိုပြီး လုပ်ဖြစ်အောင် ဆင်ခြင်နေထိုင်ရဦးမယ်လို့ ကိုယ့်ဘာသာ ပြန်ဆုံးမ ဖြစ်ခဲ့ပါတယ်။
၎။ အင်္ဂလိပ်ဆောင်းပါးတွေမှာတော့ အသက်ကြီးသွားရင် မလုပ်ဖြစ်ခဲ့လို့ နောင်တရစေမယ့် အချက်တွေဆိုပြီး ရေးထားတာတချို့ ဖတ်ဖူးတယ်။ ခရီးတွေ မသွားဖြစ်ခဲ့တာ၊ မစွန့်စားခဲ့ကြတာ၊ စသည့်ဖြင့် ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားတဲ့အပေါ် မူတည်ပြီး နောင်တရစရာတွေလည်း အနဲနဲ့ အများ ကွာခြားကြမှာပါပဲ။
Posted by Administrator at 7:13 AM 0 comments
Labels: အတွေးအမြင်
Saturday, June 9, 2012
Monkey Trap
ဒီမျောက်ဖမ်းနည်း ပုံပြင်ကတော့ တော်တော်များများ သိပြီး ဖြစ်ပါလိမ့်မယ်။ ကျနော်ကိုယ်တိုင်လည်း စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာပါ။ စာအုပ်နာမည်ကတော့ မမှတ်မိတော့ဘူး။
ဒီမျောက်ဖမ်းနည်းကို ခေါင်းမာတဲ့သူတွေအကြောင်း စဉ်းစားမိတိုင်း ခဏခဏ သတိရဖြစ်တယ်။ ရေးမယ်လို့ စိတ်ကူးထားတာတော့ ကြာပါပီ။ ဒီနေ့မှပဲ ရေးဖြစ်တာပါ။
အချို့နိုင်ငံတွေမှာ လယ်သမားတွေရဲ့ မျောက်ဖမ်းနည်းပါ။ သူတို့ယာခင်းတွေကို ခဏခဏ လာဖျက်တဲ့ မျောက်တွေကို ဖမ်းနည်းပါ။ မျောက်ဖမ်းနည်းလေးကလည်း ရိုးပါတယ်။
လယ်သမားက ပြောင်းဆန်အချို့ကို သေတ္တာတစ်ခုထဲမှာ ထည့်ပါတယ်။ နောက်အဲဒီသေတ္တာမှာ မျောက်ရဲ့
လက်တစ်ဖက် လျှိုသွင်းလို့ရလောက်တဲ့ အပေါက်လေး တစ်ခုကို ဖောက်ထားတယ်။ နောက်အဲဒီ သေတ္တာကို မျောက်တွေ လာတတ်တဲ့ ယာခင်းတွေဘေးမှာ သွားထားပါတယ်။
လယ်သမားစီစဉ်ထားတဲ့ အတိုင်းမျောက်ကလာရင် အထဲက ပြောင်းဆန်ကို ငုံကြည့်ပြီး သူ့လက်တစ်ဖက် ထိုးထည့်ပြီး နှိုက်ယူပါတော့တယ်။ နောက်ပြန်ထုတ်ဖို့ လုပ်ပါတယ်။ ဒါပေမယ့် မျောက်က သူ့လက်ကို ထုတ်လို့
မရပါဘူး။ သူ့လက်သီးဆုပ်က လယ်သမားစီစဉ်ထားတဲ့ သေတ္တာက အပေါက်ထက်ကြီးနေလို့ပါ။ ဒါကြောင့် မျောက်က ထုတ်မရပါဘူး။
ဒါပေမယ့် အဲဒီမျောက်က ပြောင်းဆန်ကို ချပြီး သူ့လက်ကို ထုတ်ပြီး မပြန်ပါဘူး။ သူ့လက်သီးဆုပ်ထဲက ပြောင်းဆန်ကိုလည်း လွှတ်မချပါဘူး။ နောက်ဆုံး ဘယ်လောက်အထိအောင် ကိုင်ထားလဲ ဆိုတော့ လယ်သမားက မျောက်မိ မမိ လာကြည့်တဲ့ အချိန်အထိပါ။ အဲဒီမျောက်က ပြန်မထွက်သွားသေးပါဖူး။ သူ့လက်သီးဆုပ်ကိုပဲ ရအောင် ကြိုးစားပြီး ထုတ်နေပါတယ်။
နောက်ဆုံးတော့ လယ်သမားက မျောက်ကို ရိုက်သတ်ပြီး ယူသွားတယ်။ မျောက်လည်း သေရပါတော့တယ်။
ဒီ မျောက်ဖမ်းနည်းလေးက ရိုးပါတယ်။ အထူးအထွေ နည်းစနစ်တွေနဲ့ ဖမ်းတာမဟုတ်ပါဘူး။ မျောက်ရဲ့ အသိဥာဏ်မရှိမှု၊ ခေါင်းမာတတ်တဲ့ အကျင့်ကိုပဲ အသုံးချပြီး ဖမ်းသွားတာပါ။ မျောက်က သူ့လက်ထဲက ပြောင်းဆန်နဲ့ သူ့အသက် ဘယ်ဟာ ပိုတန်သလဲ မတွေးတတ်ခဲ့ပါဘူး။ ပြောင်းတစ်ဆုပ်အတွက် သူ့အသက်ကို အသေခံခဲ့ပါတယ်။
ကျနော့်တို့လူတွေလည်း အဲဒီမျောက်ကလေးကို ဥပမာ ယူပြီး စဉ်းစားစရာတွေ အများကြီး ရပါတယ်။ တစ်ခါတစ်လေ လောကမှာ ဘယ်ဟာက အရေးပိုကြီးသလဲ မစဉ်းစားမိတတ်ကြဖူး။ ဘာမဟုတ်တာလေးတွေကို ဆုပ်ကိုင်ပြီး အပျက်ဆီးခံတတ်ကြတယ်။ ရွေးချယ်မှုတွေ အမြဲလုပ်နေရတဲ့ လူတိုင်း ဒီမျောက်လေး မှားတဲ့ အမှားအတိုင်း မမှားစေချင်ပါဖူး။
မှတ်ချက်။ ။ ဤပို့စ်မှာ သုံးထားတဲ့ ဓါတ်ပုံလေးကို အင်တာနက်က ရယူပါတယ်။
Posted by မင်းကရုဏာ at 12:02 PM 0 comments
Labels: အတွေးအမြင်
Thursday, November 17, 2011
လှေကားထစ်များ၊ ဘ၀နဲ့ ပတ်ဝန်းကျင်
ခြေတံရှည်တဲ့ ကျနော့်အတွက် အချို့လှေကားထစ်တွေကတော့ စိပ်လွန်းလှတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လှေကားထစ်တိုင်းက ကျနော့်အတွက်ချည်းပဲ မဟုတ်ဘူးဆိုတာကို နားလည်လက်ခံ ရပါတယ်။ တချို့လှေကားတွေကလဲ ခပ်စိပ်စိပ်နဲ့။ တချို့လဲ မတ်စောက်တဲ့ လှေကားထစ်မျိုးတွေပါ။
ခပ်စိပ်စိပ်လှေကားတွေကပဲ ကျနော့်ကို မောစေခဲ့တဲ့ အခါမျိုးတွေ ရှိပါတယ်။ ပြုတ်ကျတဲ့စေခဲ့တဲ့ လှေကားထစ်မျိုးတွေလည်း ရှိခဲ့ပါတယ်။ နောက်ပြီး လှေကားတက်ဖော်ရင်း ပြုံးပြခဲ့သူတွေ ရခဲ့ဖူးသလို။ ၀င်တိုက်သွားခဲ့သူလည်း အများအပြား ရှိခဲ့ဘူးတယ်။ မသိကျိုးနွံပြုသွားခဲ့သူတွေကတော့ အများအပြားပေါ့။ သူများတက်နေလို့ ရပ်စောင့်နေရတာမျိုးလဲ ကြုံဖူးပြီ။ ရှေ့ကလဲ မတက်ပဲ ပိတ်ရပ်ထားတာမျိုးလဲ ရှိတယ်။ လှမ်းပြီးမင်းတက်ရမဲ့ လှေကား မဟုတ်ဘူးဆိုတာ မျိုးလဲ ကြားရပေါင်းများပါပြီ။
လှေကားထစ်တွေ တက်တိုင်း တက်တိုင်း တခါတလေ ကျနော့်ဘ၀နဲ့ ယှဉ်ပြီးတွေးမိတဲ့ အတွေးလေးတစ်ခုရှိတယ်။ လှေကားထစ်တွေက ကျနော့် ဘ၀လိုပဲလို့။ မြင့်မြင့်ရောက်ချင်တဲ့ ကျနော့်အတွက် အမြဲတက်နေရတယ်။ တခါတလေလဲ ပြန်ပြန် လိမ့်ကျတယ်။ နောက်ပြန်တက်ရတယ်။ အဲဒီလို တက်နေရင်း ကူညီတဲ့လူ၊ အားပေးတဲ့လူ၊ ဆွဲချတဲ့လူ၊ ပြုံးပြခဲ့တဲ့သူ၊ မဲ့ပြသွားတဲ့သူ၊ ရန်လိုသူ၊ မေတ္တာပေးတဲ့သူ၊ မနာလိုတဲ့သူ၊ ဂရုဏာထားတဲ့လူ၊ အများအပြားနဲ့ ဆုံဖြစ်ပါတယ်။
လှေကားထစ်တွေလိုပဲ ဘ၀ကို တစ်ဆင့်ဆင့် ဆက်တက်ခဲ့ဖူးတယ်။ ကျနော့်အတွက်တော့ နေရာကာလတစ်ခုမှာ ရင်းနှီးကျွမ်းကျင်ပြီးသွားရင် သူ့ထက်မြင့်တဲ့ အရာကို ဆက်လုပ်ချင်ပါတယ်။ သိချင်စိတ် ဖြစ်လာပါတယ်။ ကျွမ်းကျင်ပြီးသွားနေရာမှာ ဆက်ပြီး အချိန်ကြာကြာနေရတာ ငြီးငွေ့သွားတတ်တယ်။ အဲဒါနဲ့ပဲ တည်ဆောက်ထားပြီးတဲ့ ဘ၀လေးတွေကို ထားရစ်ခဲ့ရပါတယ်။ နောက်တစ်ခု ပြန်လည်တည်ဆောက်ရပါတယ်။ ကိုယ်အပတ်တကုတ် တည်ဆောက်ထားတဲ့ ဘ၀လေးတွေ (ပတ်ဝန်းကျင်လေး) ကို ထားခဲ့ရတာဟာ ကိုယ့်လက်အင်္ဂါ အစိတ်အပိုင်းတစ်ခု ဆုံးရှုံးရသလို ခံစားရ စေပါတယ်။ နာကျင်ရပါတယ်။
ဘာတွေပဲ ဖြစ်ဖြစ်ပေါ့ ကျနော်ကတော့ လှေကားထစ်တွေကို ဆက်ပြီး တက်ဖြစ်ဦးမှာပါ။ ပတ်ဝန်းကျင်သစ်တွေကိုလည်း ဆက်ပြီး တည်ဆောက်ရဦးမှာပါ။။ နောက်ဆုံးတော့လဲ လှေကားထစ်တွေပေါ် တက်ရတာကို ပတ်ဝန်းကျင်သစ်တွေကို ပြန်ပြန်တည်ဆောက်ရတာ ကျနော် ကျင့်သားရသွားပါလိမ့်မယ်။
Posted by မင်းကရုဏာ at 2:05 PM 0 comments
Labels: အတွေးအမြင်
