အလွဲ (၂)
ကျနော် ချင်းမိုင်က အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်တုန်းကပါ။ ရုံးက ကျနော့် ဆရာရယ်၊ နောက်
အဲဒီအချိန်က ကျနော်တို့ရုံးမှာ Academic Coordinator တာဝန်ယူထားတဲ့ ကိုသိန်းနိုင် (မောက္ခ) ရယ်၊
နောက် KNU က အန်ကယ်တစ်ယောက်ရယ်၊ မဲဟောင်ဆောင်က KNPP ရုံးကို သွားကြတယ်။
ကျနော် ပါတယ်ဆိုပေမယ့် ကျနော်က ဓါတ်ပုံရိုက်၊ နောက် ကျနော့်ဆရာ က ကျနော့်ကို တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပတ်သတ်ပြီး ဗဟုသုတ ရအောင်ခေါ်ခဲ့တာပါ။ လူကြီးတွေကတော့ လုပ်ငန်းအကြောင်း၊ နိုင်ငံရေးအကြောင်း ဆွေးနွေးကြပါတယ်။
ကျနော်ကတော့ ဓါတ်ပုံရိုက်၊ နောက် KNPP က ရဲဘော်တချို့က လိုက်ပို့လို့ ပဒေါင်စခန်း ကိုသွားလည်တယ်။ နောက် သူတို့ ညစာကျွေးတော့ ကျနော် ကရင်နီခေါင်ရည်ကို ပထမဦးဆုံး သောက်ဖူးတယ်။ ညနေဘက်လည်း ဈေးဆိုင်လေးတွေ လိုက်ကြည့်တယ်။ မနက်ဆို မဲဟောင်ဆောင်ဈေး ထဲက သျှမ်း တို့ဟူးနွေး သွားစားကြတယ်။ နောက် လက်ဖက်ရည်သောက်တယ်။ တိုးတိုးတိတ်တိတ် သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ မြို့လေးပါ။
ကျနော် တစ်သက်မေ့မှာ မဟုတ်တော့ပါဘူး။ ကျနော်ကို အဲဒီခရီးကို ခေါ်ခဲ့တဲ့ ကျနော့်ဆရာကိုလည်း ကျေးဇူးတင်မိတယ်။
ကျနော်တို့အားလုံး မဲဟောင်ဆောင်မြို့လယ်က ရေကန်ဘေးက တည်းခိုခန်းမှာ တည်းကြတာပါ။
ပြန်မယ့်နေမှာ ကျနော်က ကျနော်တို့လေးယောက်လုံး တည်းခိုးခန်းရှေ့မှာ အမှတ်တရ ဓါတ်ပုံရိုက်ဖို့ စီစဉ်ပါတယ်။ ပစ္စည်းတွေ၊ အိတ်တွေ အားလုံး ကားပေါ် တင်လိုက်ပြီး ဓါတ်ပုံရိုက်ဖို့ ပြင်ဆင်ပါတယ်။
အဲဒီမှာ ကျနော်လွဲဖို့ စပါတော့တယ်...
အားလုံးထဲမှာ ကျနော့်ထိုင်းစကားက အကောင်းဆုံးလို့ ထင်ပြီး Recception က ထိုင်းအမျိုးသမီးကို ကျနော်က ကျနော်တို့ ကို ဓါတ်ပုံရိုက်ပေးဖို့ သွားပြောတာပါ။ ဒါပေမယ့် ပြောတာမမှန်တော့ ကျနော်တို့ကို ဓါတ်ပုံရိုက်ပေးလို့ ရမလားမေးတာ၊ ကျနော်တို့နဲ့ ဓါတ်ပုံ ရိုက်မလားဆိုပြီး ဖြစ်သွားတယ်။ ကျနော်လည်း ပြောပြီးပြီးခြင်းင်းမှာ မှားသွားပီဆိုတာ သိတယ်။ ဒါပေမယ့် အချိန်မမှီတော့ဘူး ထိုင်းအမျိုးသမီးက ရှက်ပြုံး ပြုံးနေပြီ။ အဲဒါနဲ့ ကျနော့် ဆရာက အခြေအနေကို သိတော့ မထူးတော့ဘူးတဲ့။ သူနဲ့ အရင် တစ်ပုံတောင်းရိုက်လိုက်တဲ့ ပြီးမှ ကျနော်တို့ ကို ပြန်ရိုက်ခိုင်း ဆိုပြီး ပြောလို့ ကျနော်လည်း အဲဒီအတိုင်း လုပ်လိုက်ရတယ်။
သူနဲ့ ကျန်သုံးယောက်ကို တစ်ပုံရိုက်ပေးပြီးမှ ကျနော်တို့ လေးယောက်ကို တစ်ပုံကို ပြန်ရိုက်ခိုင်းရတယ်။ ဒါပေမယ့် ပြန်ခါနီးမှာ အမှတ်တရ ရယ်စရာ ဖြစ်ခဲ့ပါတယ်။ ကျနော်လွဲလိုက်ရင်တော့ အကြီးကြီးပါပဲ။ :D
ကျနော့်အကြောင်း
Labels
- စိတ်ပညာ (1)
- ညီဖတ်ဖို့... (3)
- ပညာရေး (1)
- ပြင်သစ်စာမှတ်စု (3)
- သူငယ်ချင်း (7)
- ဟာသ (5)
- အဆိုအမိန့် (3)
- အတွေးအမြင် (5)
- အထွေအထွေ (2)
Sunday, July 8, 2012
အလွဲ ဒိုင်ယာရီ
Posted by မင်းကရုဏာ at 10:28 AM 0 comments
Labels: ဟာသ
အလွဲ ဒိုင်ယာရီ
အလွဲ (၁)
ကျနော့်ဘ၀မှာ လွဲခဲ့တဲ့ အလွဲပေါင်းက မရေမတွက်နိုင်တော့ဘူး။ အဲဒီအလွဲလေးတွေကို ပြန်တွေးမိရင် ရယ်စရာလည်းကောင်းတယ်။ စိတ်ပျက်စရာလည်း ကောင်းခဲ့တာတွေ ရှိတယ်။
နယ်မှာ နေတုန်းက ကျနော့်တို့ခြံမှာ အုန်းပင်တွေ ရှိပါတယ်။ အုန်းပင်ရှိတော့ အုန်းတက်သမားက အမြဲတမ်းခေါ်ရတယ်။ တစ်ခါလာတဲ့ အုန်းတက်သမားကြီးကတော့ မြန်မာ့လက်ဝှေ့သမားဟောင်းကြီး၊ ကတုံးနဲ့။ နောက်ပြီး သွားတွေလည်း မရှိတော့ဘူး။
သူ ကျနော်တို့ခြံက အုန်းပင်တွေကို တက်ပေးတယ်။ နောက်ပြီး အုန်းပင်တွေကို ပြင်တာ ဘာညာ လိုအပ်တာ လုပ်ပေးမယ်။ အုန်းပင်တွေကို ဆားထည့်တာ၊ ဓါတ်ခဲ အဟောင်းတွေကို ထည့်တာတွေ လုပ်တယ်။
တစ်ရက်တော့ အဲဒီ အုန်းပင်တက်တဲ့ ဘကြီး ကျနော့်ဆီ ပေါက်ချလာတယ်။ သူ့ဘေးမှာ လူတစ်ယောက်လဲ ပါလာတယ်။ ကျနော်ကို တွေ့တော့ အုန်းပင်တက်တဲ့ ဘကြီးက "သား အဘ၊ အုန်းပင် တက်ရင် ဆေးလိပ် သောက်လား" တဲ့။ ကျနော်လည်း သူဆေးလိပ်သောက်တာ မြင်ဖူးတယ်၊ နောက်ဘာအဓိပ္ပါယ်နဲ့
ခေါက်ကာငင်ကာ လာမေးသလဲ မသိဘူးဆိုပြီး အလွယ်ပဲ ဖြေလိုက်တယ်။ နှစ်လုံးပဲ "ဟုတ်ကဲ့၊ သောက်တယ်" လို့။
အဲဒါနဲ့ အဲဒီဘကြီးနဲ့ သူ့ဘေးကလူ ပြန်ထွက်သွားကြတယ်။ `နောက် သီတင်းတစ်ပတ်လောက်နေတော့ အဲဒီ ဘကြီး ပြန်ရောက်လာတယ်။ မျက်နှာလည်း မသာမယာနဲ့။
"သားရာ မင်းအဖြေကြောင့် အဘ အချုပ်ထဲမှာ တစ်ပတ်အိပ်ခဲ့ရတယ်" တဲ့။
အဲဒါနဲ့ ဖြစ်ကြောင်း ကုန်စင်မေးကြည့်တော့၊ သူနဲ့ ပါလာတဲ့လူက ရဲ။
ဖြစ်ပုံက ဒီလို၊ အဲဒီအဘကြီးက အုန်းပင်တက်နေကျ ခြံတစ်ခြံမှာ အုန်းပင် သွားတက်တယ်။ သူတက်ပြီး ညနေပိုင်းကျတော့ အဲဒီ အုန်းပင်က မီးလောင်တယ်၊ အဲဒီအိမ်က အဝေးပြေးလမ်းမမှာရှိပြီး ကားဂိတ်နဲ့ နီးတော့ မီးသတ်ကားတွေလာ၊ ရဲတွေလာနဲ့။ တရားခံ ရှာတော့ သူ့ဆီ ပြန်ရောက်လာတယ်။
အဲဒီအဘကြီးက သူ သွားတွေမရှိတော့လို့ အုန်းပင်တက်နေရင်း ဆေးလိပ်မသောက်ပါဘူး၊ ငြင်းတယ်။ ရာသီဥတုပူလို့ အုန်းပင် မီးလောင်တာပါဆိုပြီး အကြောင်းပြတယ်။ နောက် မယုံရင် သူအုန်းပင်တက်နေကျ အိမ်ကို လိုက်မေးပေးမယ် ဆိုပြီး ကျနော့်ဆီခေါ်လာတာ။ ကျနော်က သူ ဆေးလိပ် သောက်ပါတယ် ဖြေလိုက်တော့။ သူ ငြင်းလို့ မရတော့ပဲ အချုပ်တစ်ပတ်ကျသွားတယ်။
ကျနော်လည်း ပြန်သိတော့ စိတ်တော့ မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်ခဲ့ဘူး။ ကျနော်မှတ်မိသလောက်တော့ အဲဒီဘကြီးလည်း ကျနော်တို့ခြံမှာ အုန်းပင်လာမတက်တော့ဘူး။
Posted by မင်းကရုဏာ at 10:01 AM 0 comments
Labels: ဟာသ