Monday, August 20, 2012

ငှက်ကြီး

ငှက်ကြီးနဲ့ နှုတ်ဆက်ခြင်း၊ အပိုင်း (၅)

ကျနော်ထိုင်းကို ထွက်ဖို့ဖြစ်လာတော့ ကျနော့်အလုပ်တွေက တန်းလန်း၊ အကုန်လုံး ငှက်ကြီးကို အပ်ခဲ့ရတယ်။ ကျန်သမျှကိုလည်း သူတာဝန်ယူပေးပါတယ်။ အားလုံးပြီးတဲ့ အထိ။

ကျနော့်အလုပ်တွေ အားလုံးသိမ်းပြီးတော့ ကျနော့်အိမ်မှာ သူအပ်ပေးတယ်။ နောက်တစ်လလောက်နေတော့ သူ့ဆီက စာတစ်စောင် ရတယ်။ အလုပ်ကိစ္စဆန်ဆန် ရေးထားတဲ့စာ။ လက်ရေးက ထုံးစံအတိုင်း မလှမပနဲ့။

အဲဒါတွေ နောက်ပိုင်း ကျနော်လည်း ထိုင်းမှာ ကိုယ့်ဘာသာ အဆင်မပြေနေတဲ့ ကာလ သူ့ဆီ မဆက်သွယ်ဖြစ်တော့ဘူး။ နောက်ဆုံး သတင်းရတာတော့ သူလည်း သူ့အလုပ်တွေကို သူ့ညီ ၀မ်းကွဲတစ်ယောက်ဆီ လွှဲပေးပြီး မိဘတွေနဲ့ ပြန်နေတယ် ကြားတယ်။

ငှက်ကြီး

ငှက်ကြီး မိန်းမပိုးခြင်း၊ အပိုင်း (၄)

ကျနော်သိသလောက် ငှက်ကြီးမှာ ရည်းစားမရှိခဲ့ဖူး။ ထားလည်း မထားခဲ့ဖူးတဲ့ ပုံပါ။ တစ်ခါမှ အဲဒီကိစ္စတွေ စကားမဟ တတ်ဖူး။ ဒီလိုနဲ့ နေရင်း ငှက်ကြီး ဈေးသည်ကောင်မလေး တစ်ယောက်ကို တွေ့လာတယ်။ သူ့အဖွဲ့တွေနဲ့ သူသွားရင်း တွေ့လာခဲ့တာပါ။

နောက်တော့ ကျနော့်ကို ပြမယ်ဆိုပြီး ဈေးထဲသွားရင်း ပြတယ်။ ကျနော့်ကတော့ မြို့ခံလူဆိုတော့ သူပြတဲ့ ကောင်မလေးကို သိပြီးသား။ ဒါနဲ့ အားပေး အားမြှောက်လုပ်ရတော့တယ်။ မဆိုးဘူး "လိုက်ပေါ့"။

အဲဒါနဲ့ သူ အဲဒီကောင်မလေးဆီမှာ ဈေးဝယ်တဲ့ လုပ်ငန်းစဉ်က စပါတော့တယ်။ နေ့တိုင်းနီးပါး ၀ယ်တော့တယ်။ ကောင်မလေးက ငယ်ဦးမယ်။ အသက်က ၂၀ သာသာ။ အဝေးသင် တက်နေတယ်။ ပုံစံက
အဆိုတော် စိုးစန္ဒာထွန်းကို ၁၀၀ % ကနေ ၈၀% လောက် ချုံ့ထားတဲ့ပုံစံ။ အသားညိုပြီး ဆံပင်က ရှည်တယ်။ သန့်သန့်ရှင်းရှင်း နေတတ်တယ်။ ယဉ်ကျေးတယ်။ ဒီတော့ ကိုယ့်ဘော်ဒါကြီး စွံချင်လည်း စွံသွားပါစေတော့ဆိုပြီး ၀ိုင်းပြီး တတ်နိုင်သလောက် ပါရမီဖြည့်ရတယ်။

ဒါနဲ့ ငှက်ကြီးကို နည်းလမ်းတွေ ၀ိုင်းစဉ်းစားပေးရတော့တယ်။ ဒါပေမယ့် တစ်ခုမှ အလုပ်မဖြစ်။ အဲဒီကောင်မလေးဆီမှာ ပုံမှန် ဈေးဝယ်တာကလွဲလို့ ဘာမှ မထူးခြားလာ။ ကောင်မလေးက ရိပ်မိနေပြီ၊ ငှက်ကြီး သူ့ကို လာလာပိုးနေတာ။ ဒါပေမယ့် ကိုယ့်ဆရာက မျက်နှာတည်ကြီးနဲ့ ဈေးဝယ် ပြီးရင် ပြန်ထွက်လာ၊ ဒါပဲ။

ဒီထက် မပိုလာတော့ ငှက်ကြီးကို ကောင်မလေး အဝေးသင် အနီးကပ်တက်တဲ့ ကားနဲ့ ကျောင်းထဲ လိုက်သွားဖို့ အကြံပေးရတယ်။ ဒါနဲ့ ငှက်ကြီး ၀ီရိကောင်းကောင်းနဲ့ တစ်ပတ်လောက် ကျောင်းကို လိုက်သွားပုံ ရတယ်။ ဘာမှတော့ ထူးခြားတယ် မပြော။ ကျနော်လည်း ဆက်မမေးမိ။

နောက်တော့ ကျနော်တို့နှစ်ယောက်လုံး အလုပ်ကများ၊ သူလည်းမေ့မေ့ပျောက်ပျောက် ဖြစ်နေပုံရတော့ ကျနော်လည်း စပြီးမပြောဖြစ်တော့ဘဲ ငှက်ကြီး မိန်းမပိုးတဲ့ လုပ်ငန်းလည်း ပြီးဆုံးသွားတော့တယ်။

ငှက်ကြီး

ငှက်ကြီးရဲ့ ပေါင်းသင်းဆက်ဆံရေး၊ အပိုင်း (၃)

ကျနော်တို့ နှစ်ယောက်ကြားမှာ အမြဲတမ်းသုံးနေတဲ့ စကားတစ်ခု အမှတ်တရ ရှိခဲ့ကြတယ်။ "ချိန်ပေါ့ဗျာ"၊ ဒါက သူသုံးနေကြ စကား။ တစ်ခု ဆွေးနွေးလို့ သဘောမတူတဲ့ အချိန်မှာ နောက်ဆုံးနိဂုံးမှာ ငှက်ကြီးသုံးနေကြ စကား။

ဆိုလိုတာကတော့ ချင့်ချင်ချိန်ချိန် လုပ်ဖို့။ နောက်တော့ ကျနော်ပါ အဲဒီစကားကို လိုက်သုံးတယ်။ တစ်ခုခု သူ့ကို နားချလို့ မရရင် "ချိန်ပေါ့ဗျာ" လို့ဘဲ အဆုံးသတ်လိုက်ရတာတွေ ရှိတယ်။

ယေဘူယျအားဖြင့်တော့ ကျနော်တို့ နှစ်ယောက်လုံး အားနာတတ်ကြသူတွေပါ။ ကျနော့် ဒေါသက မျက်နှာသုန်မှုန်ပြီး အိမ်ပြန်ရုံလောက်နဲ့ ပြီးပေမယ့်၊ အခန့်မသင့်ရင် ငှက်ကြီးဒေါသက ကံမကောင်းတဲ့ တစ်ယောက်ယောက်ပေါ် ကျသွားတတ်တယ်။ တစ်ခါ အလိုက်မသိတဲ့ စစ်တပ်က အရာခံဗိုလ်တစ်ယောက်က သူ့ဆီ မီးစက်လာငှားတယ်။ အဲဒီအချိန်က သူရော ကျနော်ပါ အလုပ်အတွက် ခေါင်းစားနေတဲ့ အချိန်ပါ။ သူ့ဒေါသက အရာခံဗိုလ်အပေါ် ရောက်သွားတယ်။ ဟိုလူကလည်း လာတဲ့ ရည်ရွယ်ချက်ကိုပဲ ခေါင်းထဲ ထားတဲ့လူနဲ့ တူတယ်။ ငှက်ကြီး တရားဟောသမျှကို နားထောင်ပြီး နောက်ဆုံးတော့ မီးစက်ကို ဆိုက်ကားနဲ့ ရအောင် သယ်သွားတယ်။

နောက် သူ့မှာအားချက် တစ်ခုရှိတယ်။ အရမ်းညစ်လာရင် အရက်ဆိုင် ထိုင်တာ၊ Army Rum တစ်ပိုင်းနဲ့ သူ့ညစ်သမျှကို ဖြေတော့တာဘဲ။ သူအရက်ဆိုင် ထိုင်ရင်တော့ ကျနော်လိုက်မထိုင် ပေးဖြစ်ဖူး။ သူ့အလုပ်သမား တစ်ယောက်ကို ခေါ်သွားပြီး သောက်တတ်တယ်။

ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေးမှာတော့ နာမည်ရပါတယ်။ ကျွတ်ဆတ်ဆတ် နဲနဲ ဖြစ်ပေမယ့် သူ့ကို လူတိုင်းခင် ကြပါတယ်။

 
Free Website templateswww.seodesign.usFree Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Wordpress Themeswww.freethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree CSS Templates Dreamweaver