၁။ ဆရာနန္ဒာသိန်းဇံရဲ့ "နောင်တကင်းရာသို့" စာအုပ်ကို ဖတ်ဖြစ်တယ်။ စာအုပ်ရဲ့ ရည်ညွှန်းကိုယ်ထဲက နောင်တရတတ်သူတွေအတွက် နောင်တရမှု နည်းအောင် ပြုပြင်နည်းလို့ ဖော်ပြထားတော့ စာအုပ်ခေါင်းစဉ်အတိုင်း နောင်တကင်းဘို့ရာ မဖြစ်နိုင်ဘူးလို့ ဆိုထားသလို ရှိနေပါတယ်။
၂။ ဆရာတော် ဦးဇောတိကကလည်း နောင်တလုံးလုံးကင်းမယ့်သူ မရှိဘူးလို့ လူတစ်ယောက်ရဲ့ မေးခွန်းကို ပြန်ဖြေပေးထား ဖူးပါတယ်။ သေခါနီး နောက်ဆုံးအချိန်မှာတော့ လူတိုင်းနောင်တရကြပါတယ်။ နောင်တကင်းတဲ့ လူရယ်လို့ မရှိဘူးလို့ ဆိုလိုပါတယ်။ နောင်တနည်းအာင်သာ သတိနဲ့နေထိုင်လို့ ရတယ်လို့ ဆိုပါတယ်။
၃။ ပြီးခဲ့နှစ်တုန်းက သုတသနလုပ်ဖို့ ဖွင့်ထားတဲ့ဖေ့ဘုတ်ကနေ မန္တလေးမှာနေတဲ့ ချာတိတ်နှစ်ယောက်နဲ့ ခင်ဖြစ်ခဲ့တယ်။ ဖေ့ဘုတ်ပေါ်မှာ ဓါတ်ပုံအစစ်၊ နာမည်အစစ်တွေ မသုံးတော့ ကျနော်ဘယ်သူဆိုတာ သူတို့ မသိပါဘူး။ အလုပ်တွေပြီးလို့ ဖေ့ဘုတ်ဖျက်ခါနီးတော့ အမှတ်တရလည်းဖြစ်အောင် သူတို့အတွက် အကျိုးရှိမယ်ထင်တဲ့ စကားတစ်ခွန်းတော့ ပြောဖြစ်ခဲ့တယ်။ "လုပ်သင့်တာတွေကို မလုပ်မိတာနဲ့၊ မလုပ်သင့်တာတွေ လုပ်မိတာတွေက နောင်မှာ နောင်တကို ဖြစ်စေလိမ့်မယ်။" လို့။ သုတေသနအတွက် လုပ်ထားတဲ့ ဖေ့ဘုတ်ကို ဖျက်လိုက်ပါတယ်။ နောက်ရက်တွေ ကျနော်ဖေ့ဘုတ်ကနေ သူတို့ဖေ့ဘုတ်ဆီ ပြန်ဝင်ကြည့်တော့ ကျနော်ပြောတာလေးကို သူတို့ ဖေ့ဘုတ်ပေါ်မှာ ပြန်တင်ထားတာ တွေ့ရတယ်။ "ဒါ ငါတို့အတွက် လက်ဆောင်ပဲ...။" တဲ့ အဲ့လိုလေး ပြန်မြင်ရတော့ ငါကိုယ်တိုင်လည်း နောင်တနည်းဘို့ မလုပ်သင့်တာတွေ တတ်နိုင်သလောက် မလုပ်မိအောင်၊ မပြောသင့်တာတွေ မပြောမိအောင်၊ လုပ်သင့်တာတွေ၊ ပိုပြီး လုပ်ဖြစ်အောင် ဆင်ခြင်နေထိုင်ရဦးမယ်လို့ ကိုယ့်ဘာသာ ပြန်ဆုံးမ ဖြစ်ခဲ့ပါတယ်။
၎။ အင်္ဂလိပ်ဆောင်းပါးတွေမှာတော့ အသက်ကြီးသွားရင် မလုပ်ဖြစ်ခဲ့လို့ နောင်တရစေမယ့် အချက်တွေဆိုပြီး ရေးထားတာတချို့ ဖတ်ဖူးတယ်။ ခရီးတွေ မသွားဖြစ်ခဲ့တာ၊ မစွန့်စားခဲ့ကြတာ၊ စသည့်ဖြင့် ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားတဲ့အပေါ် မူတည်ပြီး နောင်တရစရာတွေလည်း အနဲနဲ့ အများ ကွာခြားကြမှာပါပဲ။
0 comments:
Post a Comment